ဘရူနိုင်းနှင့်ပွဲမှ ရလဒ်နှင့်ခြေစွမ်းကို မြန်မာယူ-၁၈ နည်းပြဘန်လာဘီ သဘောမကျသေး

ဘရူနိုင်းနှင့်ပွဲမှ ရလဒ်နှင့်ခြေစွမ်းကို မြန်မာယူ-၁၈ နည်းပြဘန်လာဘီ သဘောမကျသေး

စက်တင်ဘာ ၉၊ ရန်ကုန် ။           ။ ဘရူနိုင်းကို ၇ ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ထိုပွဲရလဒ်နှင့်ခြေစွမ်းပိုင်းကို သဘောမကျသေးဟု မြန်မာယူ-၁၈ နည်းပြ ဘန်လာဘီက ပြောဆိုလိုက်သည်။

မြန်မာအသင်းသည် ဘရူနိုင်းအသင်းကို ပွဲချိန်ပြည့်နီးပါး တစ်ဖက်သတ်ဖိကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်များစွာ ရရှိခဲ့သည်။ မြန်မာကစားသမားများ ဂိုးသွင်းမသေချာခြင်းကြောင့် ၇-၀ ဖြင့်သာ ပွဲပြီးခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများ တိုက်စစ်မှူးဝင်းနိုင်ထွန်းက ၄ ဂိုး၊ နိုင်ကိုကိုက ၂ ဂိုး၊ အံ့မော်ဦးက ၁ ဂိုးသွင်းယူပေးခဲ့သည်။

ပွဲအပြီးတွင် မြန်မာနည်းပြ ဘန်လာဘီက "ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒီပွဲရလဒ်နဲ့ ခြေစွမ်းပိုင်းကို အရမ်းကြီးကျေနပ်အားရမှု မရှိပါဘူး။ ကျွန်တော့ကစားသမားတွေ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြပါတယ်။ အမှန်တကယ်ဆို ဒီပွဲက ဂိုး ၂၀ လောက် ရသင့်တဲ့ပွဲပါ" ဟု ပြောဆိုခဲ့သည်။

မြန်မာအသင်းသည် ပွဲစဉ်နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ရမှတ် ၃ မှတ်သာ ရရှိထားသေးပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့၏နောက်တွင် ရပ်တည်နေသည်။

လက်ကျန်ပွဲစဉ်များအတွက် တစ်ပွဲချင်းစီအကောင်းဆုံးပြင်ဆင်သွားမည်ဖြစ်ပြီး ကစားသမားများကို ဖိအားဒဏ်ခံနိုင်အောင် လေ့ကျင့်သင်ကြားပေးထားကြောင်းလည်း ဘန်လာဘီက ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly