မောင်တောဒေသပြန်လည်တည်ဆောက်ရေး ဂရုပြုကိုင်တွယ်ရမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

မောင်တောဒေသပြန်လည်တည်ဆောက်ရေး ဂရုပြုကိုင်တွယ်ရမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

စက်တင်ဘာ ၉ ။       ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မောင်တောဒေသ ပြန်လည်တည်ဆောက်ရေး ဂရုပြု ကိုင်တွယ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းသွားမည်ဟု စက်တင်ဘာလ ၉ ရက်တွင် ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အနောက်ဖက် နယ်စပ်ဒေသ ရခိုင်အမျိုးသားများနယ်မြေ ပြန်လည် တည်ဆောက်ရေးကော်မတီ(ယာယီ )အား ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် ယနေ့ လက်ခံတွ့ဆုံခဲ့ရာတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ နယ်မြေဆုံးရှုံးသွားတာ မဟုတ်ဘူး။ ပြန်လည်တည်ဆောက်ရေးအတွက်ကိုတော့ မောင်တောဒေသ ယခုဖြစ်စဉ်သည် အရင်တုန်းကနဲ့ မတူဘဲ အလွန်မြင့်တက်သွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အင်မတန်မှ ဂရုစိုက် ကိုင်တွယ်သွားရမှာဖြစ်သလို ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်း တိုင်ပင်ပြီး ပြည်ထောင်စုမှ ချမှတ်လာသည့်အပေါ်မှာ ဆောင်ရွက်သွားရမှာဖြစ်တယ်" ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တယ်ဆောက်ရေးကော်မတီ အတွင်းရေးမူး ဦးသန်းထွန်းက မောင်တောဒေသမှ နေရပ်စွန့်ခွာ ဒုက္ခသည် စခန်းများကိုပြည်နယ်အစိုးရအနေဖြင့် မည်သည့်အချိန်အထိ မည်ကဲ့သို့စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနဲ့ အကယ်၍ ဤဒုက္ခသည်များတာရှည်ခိုလုံနေထိုင်ရမည့် အနေအထားသို့ရောက်ရှိလာလျှင် ပြည်နယ်အစိုးရအနေဖြင့် ရေရှည်မည်ကဲသို့ လုပ်ဆောင်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည့်အပေါ် ဝန်ကြီးချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအနေဖြင့် လတ်တလောလုပ်ဆောင်ပေးနေမှုများကိုရှင်းလင်းခဲ့ကြပြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကလည်း ပြည်နယ်အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ဒုက္ခသည် စခန်းတစ်ခုချင်းအလိုက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းသော သောက်သုံးရေဖူလုံရေး၊ ရေချိုးခန်း အိမ်သာ လုံလောက်ပြည့်စုံစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးရန် တာဝန်ခွဲဝေသတ်မှတ်ပေးထားကြောင်း ပြောသည်။

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကလည်း ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့သည် လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အတူဆောင်ရွက်နေပြီး ၎င်းအနေဖြင့် မောင်တောဒေသကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် နေ့စဉ်သွားရောက်ကာ ကူညီထောက်ပံမှုများ ပြုလုပ်ပေးနေကြောင်း ပြောခဲ့သည်။
ဓာတ်ပုံ-ဦးညီပုဖေ့ဘွတ်ခ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly