အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအတွက် ပါမောက္ခဦးမောင်မောင်ခင်နှင့် တွေ့ဆုံခြင်းအပိုင်း(၂)

အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအတွက် ပါမောက္ခဦးမောင်မောင်ခင်နှင့် တွေ့ဆုံခြင်းအပိုင်း(၂)

ကျွန်တော်တို့ ဒီတစ်ခေါက်ဆွေးနွေးသွားမယ့် အစီအစဉ်ကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုဆွေးနွေးထားတာတွေကိုအပိုင်း (၂) အနေနဲ့ ပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ် ခင်ဗျ။

မဇ္ဈိမ- ကျွန်တော်တို့ အဆုတ်ကင်ဆာ ဖြစ်တယ်ဆိုရင် ဘယ်လိုသိနိုင်လဲ။ ဘယ်လိုလက္ခာတွေ ပြသလဲ။

Prof.MaungMaungKhin -အဆုတ်ကင်ဆာထူးဆန်းတာတစ်ခုကသူကအဆုတ်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ဥပမာဆိုရင် ချောင်းဆိုးမယ်။ ချောင်းဆိုးရင် သွေးစလေးတွေ ပါမယ်။ နောက်ပြီးတော့ အထဲမှာအဆုတ်ရောင်မယ်။ နောက် အသက်ရှူရတာကျပ်မယ်။ မောမယ်ပေ့ါလေ။ အဲဒါဆိုရင်တော့ အဆုတ်ကင်ဆာ ဖြစ်နိုင်ချေရှိတာပေါ့နော်။ ကျွန်တော်တို့ အဆုတ်ကင်ဆာprimary  ဖြစ်တဲ့ ဟာကိုprimary lungsကင်ဆာလို့ ခေါ်ပါတယ်။ အခြားနေရာကနေအဆုတ်ကိုလာဖြစ်တဲ့ ဟာကိုတော့ secondary lungsကင်ဆာလို့ ခေါ်ပါတယ်။ တစ်ခါတလေကျရင် အဆုတ်ကင်ဆာကလည်းအခြားနေရာကို ပြန့်ပါတယ်။ အထူးသဖြင့်တော့ အရိုးပေါ့။ ဥပမာတစ်ချို့က အဆုတ်ကဘာမှ မဖြစ်ဘူးကောင်းတယ်။ ပြီးတော့ အရိုးသွားပြီးတော့ ကျိုးတယ်။ အရိုးကျိုးတယ်ဆိုတာများသောအားဖြင့်တော့ လက်မှာကျိုးတယ်။ ပေါင်ထိပ်မှာကျိုးတယ်ပေါ့နော်။ အဲလိုကျိုးတဲ့အခါကျရင် အရိုးတွေကဆတ်တော့ ကျိုးလွယ်တယ်ပေါ့နော်။ အဲ့ဒီအခါကျမှ ပြန်ရှာတဲ့ အခါprimaryက အဆုတ်ကလာတယ်ဆိုတာသိရတာပေါ့လေ။ နောက်တစ်ခုကအခြားအဆုတ်ကြောင့် ဖြစ်တဲ့ဟာတွေကဥပမာဟော်မုန်းတွေ ထွက်တာများတာနည်းတာ။ ခန္ဓာကိုယ်ထဲမှာတခြားမပြဘဲနဲ့ ကယ်လ်ဆီယမ်တွေ များနေတာ။ အဲဒါမျိုးတွေနဲ့လည်းလာတတ်ပါတယ် ခင်ဗျ။ နောက်ပြီးတော့ အဆုတ်ကနေထွက်တဲ့ ဟော်မုန်းတွေကြောင့် အဲဟော်မုန်းတွေရဲ့ သက်ရောက်မှုတွေနဲ့ လာတဲ့ဟာလည်းရှိပါတယ်။ များသောအားဖြင့်တော့ ချောင်းဆိုးမယ်။ သွေးပါမယ်။ မောမယ်။ အဲဒါမျိုးတွေနဲ့ လာတာကတော့ ပိုများပါတယ် ခင်ဗျ။

မဇ္ဈိမ- အဲတော့ ကျွန်တော် မရှင်းတာကဘာလဲဆိုတော့ အဆုတ်ကင်ဆာနဲ့ တီဗီရောဂါနဲ့ကဘာကွာလဲခင်ဗျ။

Prof.MaungMaungKhin -မတူပါဘူးခင်ဗျ။ တီဗီကတော့ တီဗီပိုးကြောင့် ဖြစ်တာပေါ့နော်။ အဆုတ်ကင်ဆာကတော့ အဆုတ်ကနေဆဲလ်တွေကပွားပွားလာလို့ အဆုတ်ကင်ဆာအထဲမှာအလုံးတွေနဲ့ ဖြစ်တာပေါ့နော်။ တီဗီရောဂါ ဖြစ်တဲ့ သူတွေဟာများသောအားဖြင့်တော့ ကျွန်တော်တို့ နည်းနည်းအသက်ငယ်တယ်ခင်ဗျ။ အဆုတ်ကင်ဆာ ဖြစ်တဲ့ သူတွေကတော့ အနည်းဆုံး ၅၀ ကျော်မှပေါ့။ အမေရိကားမှာတော့ ၇၀ လို့ ပြောတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ၅၀ ဝန်းကျင်ပေါ့လေ။ အတွေ့များတယ်။ အရင်တုန်းကဆေးလိပ်သောက်ဖူးတယ်။ စမ်းကြည့်လိုက်ရင် အဆုတ်ကင်ဆာအသက် ၅၀ ကျော်။ တီဗီကတော့ အကုန်လုံးတော့ ဖြစ်ပါတယ်။ ဒါပေမယ့် မတူဘူး။ တီဗီကအဆုတ်ရဲ့ အပေါ်ပိုင်းမှာ ဖြစ်တာများတယ်။ အဆုတ်ကင်ဆာကတော့ အဆုတ် ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်ပေါ့နော်။

မဇ္ဈိမ- ကျွန်တော်တို့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းလို့ ပြောလိုက်လို့ ရှိရင် ပြောတာကဒီဆေးလိပ်ကိုအဓိကထားပြောတယ်။ ဆေးလိပ်သောက်တာ အန္တရာယ်များတယ်လို့ ဆရာကြီးသတိပေးတာရှိပါတယ်။ ကျွန်တော်တို့ကတခြားနိုင်ငံတွေမှာဆိုလို့ ရှိရင် ဒီဆေးလိပ်သောက်တာကိုအင်မတန်မှာကျပ်ကျပ်တည်းတည်းတားမြစ်တယ်။ သူ့ဘာသူ Public  ဧရိယာမှာသောက်လို့ မရဘူး။ ဆေးလိပ်ကိုဈေးအရမ်းမြှင့်ထားတယ်။ ပြီးတော့ ကလေးသူငယ်တွေ ရှေ့မှာမသောက်ရဘူးပေါ့ အရမ်းကိုဒီဆေးလိပ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးလည်းတိတိကျကျ လုပ်ထားတယ်။ သူတို့ရဲ့ ပြည်သူထူထုရဲ့ ဆေးလိပ်သောက်တဲ့ သူတွေကလည်းအင်မတန်မှ လိုက်နာကြတယ်လို့ ထင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေနေကဆေးလိပ် အန္တရာယ် ရှိတယ်ဆိုတာကိုဘယ်လိုမျိုးပညာပေးသင့်သလဲ။ ဆရာကြီးဘယ်လို မြင်ပါသလဲ.

Prof.MaungMaungKhin -ကျွန်တော်တို့ နိုင်ငံမှာတော့ စောစောကဆရာပြောသွားသလိုပဲ။ ဆေးလိပ်ကဝယ်လို့ တအားလွယ်တယ်။ လွယ်တယ်ဆိုတာကတစ်လိပ်ခြင်းဝယ်သောက်လို့ ရတယ်။ ပိုက်ဆံနည်းနည်းရှိရင် ဆေးလိပ်ကနေရာတကာမှာဆေးလိပ် ဝယ်လို့ ရတယ်။ ကွမ်းယာဆိုင်တွေ ဆေးလိပ်ဆိုင်တွေဆိုတာက မြန်မာပြည်မှာမှိုလိုပေါက်နေတာ။ အရင်ဆုံးအဲဒါတွေကိုရောင်းချမှုကိုတတ်နိုင်သမျှ နည်းသွားအောင် တားဆီးဖို့ လိုမယ်။ နောက်ပြီးတော့ ဆေးလိပ်ကိုလည်းအခုလက်ရှိကတော့ ဆေးလိပ်ဗူးတစ်ဗူးဆိုရင်လည်းတစ်ထောင်အောက်ဆိုရင် ဝယ်လို့ ရတယ်။ အဲတာမျိုးတွေကိုအခွန်များများကောက်ပြီးမဝယ်နိုင်အောင်ပေါ့။ နောက်တစ်ခုဆေးလိပ်ဝယ်တာဘယ်အသက်အရွယ်မျိုးမဆိုဝယ်လို့ ရတယ်။ ကျွန်တော်တို့ သူများနိုင်ငံမှာကလေးတွေဆိုရင် ၁၈နှစ်အောက်ဆိုရင် ဆေးလိပ် မရောင်းဘူးပေ့ါနော်။ နောက်ပြီးတော့ Public Place  ပေါ့ အဲဒီနေရာတွေမှာဆေးလိပ်သောက်ခြင်းကိုတားမြစ်ဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။

မဇ္ဈိမ- တကယ်လို့ အဆုတ်ကင်ဆာ ဖြစ်နေပြီဆိုရင်ရောအဲဒီလူတစ်ယောက်ဟာဘယ်လိုမျိုး ပြုမှု နေထိုင်သင့်သလဲ။ ဘယ်လိုမျိုးကျန်းမာရေးလိုက်စားသင့်သလဲ။ ဘယ်လိုမျိုးလေ့ကျင့်ခန်းတွေ လုပ်သင့်သလဲခင်ဗျ။

Prof.MaungMaungKhin -ကင်ဆာဖြစ်ပြီဆိုရင်တော့ ကျွန်တော်တို့ ကုရမှာပေါ့လေ။ ဆေးကုတဲ့နေရာမှာအဆုတ်ကင်ဆာနံပါတ် တစ် အချက်ကတော့ ဒီအဆုတ်ကင်ဆာဆိုတာသေချာဖို့ လိုပါတယ်။ အဆုတ်ကင်ဆာသေချာဖို့ဆိုရင် ကျွန်တော်တို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ကျွန်တော်တို့ လုပ်ရမှာပါပဲ။ ဆိုတော့ ဖြစ်ပြီးရင်လည်းဒီကုသတာသုံးခုရှိပါတယ်။ တစ်ခုကခွဲစိပ်တာပေါ့။ တစ်ခုကဓာတ်ရောင်ခြည် ပေးတာ။ တစ်ခုကတော့ ဆေးသွင်းပြီးတော့ ကုသတာဆိုပြီးတော့ သုံးခုရှိပါတယ်။ ဆိုတော့ ကာကွယ်ဖို့ကတော့ စောစောကပြောသလိုပဲအဓိကတော့ ဆေးလိပ်ပေါ့။ ဆေးလိပ်ကိုတတ်နိုင်သမျှ မသောက်ဘဲနေဖို့ပေါ့။ သူတို့ပြောတဲ့ ဘူတန်မှာဆိုရင် ဆေးလိပ် မသောက်ရဘူးလို့ ပြောပါတယ်။ နောက် တစ်ခြားနိုင်ငံတွေမှာလဲဆေးလိပ်ဗူးသယ်တာတို့ ယူတာတို့ တားမြစ်ထားတာရှိတယ်။ အဓိကကာကွယ်တာကတော့ ဆေးလိပ်ပါပဲ။ နောက်တစ်ခုလေ့ကျင့်ခန်းလုပ်တာကအဆုတ်ရဲ့အားကိုပိုပြီးတော့ ကောင်းစေတာပေါ့။

မဇ္ဈိမ- သူကအစားအသောက်နဲ့ ဆိုင်လားဆရာ။

Prof.MaungMaungKhin-အဆုတ်ကင်ဆာကအစားအသောက်နဲ့တော့ သိပ်မဆိုင်ပါဘူး။ လေ့ကျင့်ခန်းကတော့ အနည်းဆုံးလူတိုင်းလုပ်နိုင်တာကတော့ လမ်းလျှောက်တာနဲ့ ပြေးတာပေါ့။ အခုကတော့ GYM မှာသွားပြီးတော့ ဆော့တာ။ လူတစ်ယောက်ကလေ့ကျင့်ခန်းလုပ်လိုက်ရင် အသက်ရှူနှုန်းက မြန်လာတယ်။ မြန်လာတဲ့ အခါကျရင် လေဝင်လေထွက် ဒီအဆုတ်ထဲကိုအကုန်ရောက်တော့တာပေါ့။ အဲခါကျတော့ ဒီအဆုတ်လမ်းကြောင်းသန့်ရှင်းရေးကပိုကောင်းလာတာပေါ့။

မဇ္ဈိမ- အကိုကြီးဇွဲဆိုတဲ့ သူတစ်ယောက်ကတော့ မေးထားပါတယ်။ ပန်းနာရင်ကျပ် ဖြစ်နေသူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံလေးကိုလမ်းညွှန်ပေးပါတဲ့။

Prof.MaungMaungKhin -ဒီပန်းနာရင်ကျပ်သမားတွေကများသောအားဖြင့်တော့ တစ်ခုခုနဲ့ ခန္ဓာကိုယ်ကမတည့်လို့ပေါ့နော်။ ကျွန်တော်တို့ ဆေးတစ်ခုသောက်ရင် မတည့်သလိုပဲအဲဒီမတည့်တဲ့ဟာကိုမှတ်ထားရတယ်။ ဆိုတာကသူကချက်ချင်းအသက်ရှူကျပ်ချင် ကျပ်လာတယ်.။ ခဏနေရင်လည်း ပြန်ကောင်းရင် ကောင်းသွားတာပေ့ါနော်။ ဆိုတော့ ပန်းနာရင်ကျပ်ဟာဘာနဲ့မတည့်ဘူးဆိုတာကိုအဓိကရှာရမှာပေါ့နော်။ တစ်ချို့က မတည့်တာတွေကအခုခေတ်မှာအများကြီးပဲ။  အဓိကကတော့ အစားအသောက် ၊ ဆေးပေါ့။ ကျွန်တော်တို့တောင် ဆေးတစ်ခုထိုးခါ နီးပြီဆိုရင် ဆေးမတည့်တာများရှိသလား။ ကျွန်တော်တို့ မေးရတယ်။ အဲတော့ မတည့်တာစားသုံးမိရင် ရင်ကျပ်တာအရင်ဖြစ်လာတာပေါ့။

မဇ္ဈိမ- ရင်ကျပ်လို့ ရှိရင် သက်သာအောင် သူကလေ့ကျင့်ခန်းတွေ ဘယ်လိုလုပ်သင့်သလဲ။

Prof.MaungMaungKhin -ရင်ကျပ်နေတဲ့ အချိန်မှာတော့ လေ့ကျင့်ခန်းမလုပ်နိုင်ပါဘူး။ အောက်ဆီဂျင်တောင် မနည်းရှူနေရတဲ့ သဘောပေါ့နော်။ သက်သာသွားတဲ့ အချိန်ကျရင်တော့ ကျွန်တော်တို့ လေကောင်းလေသန့် ရနိုင်တဲ့ နေရာမျိုးမှာနေရပါမယ်။ နောက်တစ်ခုကတော့ ကိုယ်မတည့်တာကိုရှောင်ရပါမယ်။ တစ်ခုခုအစားအသောက်ပဲ ဖြစ်ဖြစ် ဆေးပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အဲဒါကိုတော့ စဉ်းစားပြီးတော့ ကိုယ်ဖြစ်တဲ့ အချိန်နဲ့ သွားသုံးမိတာလေးတော့ ကျွန်တော်တို့ သတိထားရပါမယ်။

မဇ္ဈိမ-ကိုသိန်းထွန်းဦးဆိုတဲ့ တစ်ယောက်ကတော့ ဆရာကြီးခင်ဗျာညဘက်အိပ်ရင် အသက်ရှူမဝဘဲပါးစပ်ကနေအသက်ရှူ ရပါတယ်။ တစ်ခါတလေနေ့ဘက်လည်း ဖြစ်ပါတယ်။ အဆုတ်နဲ့ ဆိုင်လားသိချင်ပါတယ်။

Prof.MaungMaungKhin -တစ်ခါတလေမှာ ကျွန်တော်တို့ ဒီအသက်ရှူမဝတဲ့ ရောဂါတွေပေါ့လေ ကျွန်တော်ကတိုက်ရိုက်မကုဘူးပေါ့လေ။ သမားတော်တွေ ကုတဲ့ဟာကတော့ Sleep Apneaဆိုတာရှိပါတယ်။ Sleep Apneaဆိုတာအိပ်ပျော်သွားတဲ့ အချိန်ကျရင် သူကအသက်မရှူတော့ဘူး။ အဲတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ခန္ဓာကိုယ်ထဲမှာများလာတဲ့ အခါကျတော့ မနက်ကျရင် လူကမလန်းဆန်းဘူး။ နုန်းနေတာပေါ့နော်။ အဲဒါမျိုးဟာကအသက်ရှူလမ်းကြောင်းသမားတော်တွေနဲ့ ပြပြီးတော့ ကျွန်တော်တို့ကစမ်းရပါတယ်။ ဒီညဘက်အိပ်တဲ့ အခါကျရင် သူ့ကိုအောက်ဆီဂျင် ဘယ်လောက် လောက် ကျသွားလဲ။ တစ်ချို့တွေဆိုညဖက်ဆိုရင် စက်နဲ့ အိပ်ရတယ် ခင်ဗျ။ အဲဒါကတော့ စမ်းသပ်ရပါတယ် ခင်ဗျ။ ညဖက် ဘယ်အချိန်ကိုသူ ရှူပြီးတော့ အောက်ဆီဂျင် ကျသွားလဲ။ အဲခါကျ သေချာပြီဆိုရင် အသက်ရှူစက်တွေ အကူစက်တွေ ရှိပါတယ် ခင်ဗျ။ အဲ့တာတပ်ပေးရတယ်။ မဟုတ်ရင် သူကအိပ်ပေမယ်လို့ နောက်နေ့ မနက် မိုးလင်းလာရင် လန်းလန်းဆန်းဆန်းမရှိဘူး။ နုန်းနေတတ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

အပိုင်း(၁) အား ကြည့်ရန်အတွက်-http://www.mizzimaburmese.com/article/31758

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly