တရုတ်နိုင်ငံက ဒုတိယအကြိမ် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း

တရုတ်နိုင်ငံက ဒုတိယအကြိမ် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန် (မဇ္ဈိမ) ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယူနန်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများအား ကူညီရန်အတွက် ဒုတိယအကြိမ် လှူဒါန်းပစ္စည်းများကို မူဆယ်မြို့မှတဆင့် မန္တလေးသို့ ပို့ဆောင်နေကြောင်း သိရသည်။

သြဂုတ် ၁၃ ရက်မနက်ပိုင်းတွင် မူဆယ်မြို့၊ မန့်ဝိန်းစစ်ဆေးရေးနယ်ခြားဂိတ်သို့ ဝင်ရောက်လာပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဦးအောင်ကျော်ဦး လိုက်ပါလာသည်။ အလှူရှင်အဖွဲ့ကို တရုတ်နိုင်ငံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယူနန်ပြည်နယ်နိုင်ငံခြားရေးရာဌာန ညွှန်ကြားရေးမှူး မစ္စတာဝူးဝိန်တုန်း က ဦးစီး၍ အဖွဲ့ဝင် ၈ ဦး ဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်းများကို ကုန်တင်ယာဉ် ၁၂ ဘီးယာဉ် ၃၃ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ အရန်ယာဉ် ၁ စီး၊ စုစုပေါင်း ၃၆ စီးပါဝင်ကြောင်း ပြန်ကြားရေးသတင်းတရပ်က ဖော်ပြထားသည်။ အရန်သင့်နေအိမ် ၁၅၀ လုံး၊ သောက်ရေသန့်ဖာ ၁၀၀၀၀ ဖာ၊ ဆိုလာမီးလုံး ၉၁၂ လုံး၊ T-Shirt ၂၀၀၀ ထည်၊ ဆန်တန်ချိန် ၅၀ တန်၊ အရေးပေါ်အသက်ကယ်သေတ္တာ ၁၀၀၀ လုံးတို့ကို လာရောက်လှူဒါန်းခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly