မောင်တောဒေသရှိ ဒုက္ခသည်များအတွက် စာရေးဆရာ ဝေဟင်အောင်မှတဆင့် ကောက်ခံရရှိငွေ ကျပ်သိန်း ၁,၈ဝဝ ရှိ

မောင်တောဒေသရှိ ဒုက္ခသည်များအတွက် စာရေးဆရာ ဝေဟင်အောင်မှတဆင့် ကောက်ခံရရှိငွေ ကျပ်သိန်း ၁,၈ဝဝ ရှိ
ဓာတ်ပုံ - စာရေးဆရာ ဝေဟင်အောင်

ရန်ကုန်၊ စက်တင်ဘာလ ၉ ။           ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွာများတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေ သော ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက  စာရေးဆရာ ဝေဟင်အောင်မှတဆင့် လှူဒါန်း လျှက်ရှိရာ ယနေ့အထိငွေ ကျပ်သိန်း ၁,၈ဝဝ ခန့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှူငွေကျပ်သိန်း ၁,၈ဝဝ ခန့်မှာ ခန့်မှန်းခြေ ပမာဏသာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၉ ရက်နေ့အထိ စစ်တွေမြို့နယ် ဒေသခံ စာရေးဆရာ ဝေဟင်အောင်တစ်ဦးတည်း   ကောက်ခံရရှိသော အလှူ ငွေ ပမာဏဖြစ်သည်။

" ကျွန်တော်တစ်ယောက်တည်းက ရရှိထားတဲ့ အလှူငွေက ၁,၈ဝဝ လောက်ရှိပြီဗျ။ အဲ့ဒီထဲကနေ ဒုက္ခ ရောက် နေသူတွေကို ပြန်လှူတာကတော့ သိန်း ၆ဝဝ ပတ်ဝန်းကျင်လောက်ရှိပြီ။ မနေ့ကထိဆိုရင် ဒုက္ခရောက် နေသူ တွေကို လှူထားတာ ဆန်အိတ်ပေါင်းက ၂,၂ဝဝ ပတ်ဝန်းကျင်လောက်ဖြစ်သွားပြီ။ ဒီနေ့လည်း သွားလှူ နေကြ ပါတယ်။ အလှူငွေတွေကတော့ ဒီနေ့ထိ တောက်လျှောက်ကြီးတော့ လှူဒါန်းနေတယ်ပေါ့နော့။ အဓိကတော့ ထိုင်းရယ်၊ မလေးရယ်၊ ပြည်ပရောက်နေတဲ့ မြန်မာတိုင်းရင်းသားတွေရယ်၊ ရခိုင်တွေက တောက်လျှောက်ကြီး လှူနေကြတယ်ဗျ။ ရွာကတော့ တော်တော်လေးများတယ်"ဟု စာရေးဆရာ ဝေဟင်အောင်က ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင်  မဇ္ဈိမသို့ပြောသည်။

စစ်တွေမြို့မှ ဒေသခံဖြစ်သူ စာရေးဆရာ ကိုဝေဟင်အောင်မှာ မောင်တောရှိ ပိတ်မိနေသော ဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းများတွင် ရှိနေသူများအတွက် ကိုယ်တိုင်အလှူငွေများ ကောက်ခံပေးနေသည့်အပြင် ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်အတူ သြဂုတ်လ ၃ဝ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မောင်တော ဒေသသို့ ရောက်ရှိကာ ဒုက္ခသည်များကို ကူညီပေးနေခြင်းဖြစ်သည်။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မောင်တောဒေသရှိ ဒုက္ခရောက်နေသော ပြည်သူများထံသို့ စာရေးဆရာ ကိုဝေဟင်အောင်ထံမှတဆင့် လှူဒါန်းလိုပါက အောင်ကျော်ဝင်း၊ ၁၁/ပဏတ(နိုင်)ဝ၅၄၂၉၈၆ လိပ်စာဖြင့် စစ်တွေမြို့၊ CB ဘဏ်သို့ လှူဒါန်းနိုင်ပြီး လှူဒါန်းပြီးပါက ဝ၉ - ၄၅ဝ ၅၄၂ ၉၈၆ သို့ ဆက်သွယ် အကြောင်းကြားပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် CB ဘဏ် ATM အကောင့်: 0015 6005 0000 8157 သို့လည်းကောင်း၊ ကမ္ဘောဇဘဏ်အကောင့်: 017-301- 0170 1412201 သို့ Aung Kyaw Win အမည်အကောင့်မှ တဆင့်လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required