ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ hellosayarwon.

ဘောလုံးပွဲကြည့်တာကနေ ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး၊ ဆိုးကျိုးများ

နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေ အများအပြားကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊ စမတ်ခ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေကနေတဆင့်လည်း ဖမ်းယူကြည့်နိုင်နေပြီဖြစ်ပါတယ်။

အားကစားပွဲတွေကို ကြည့်ရှုအားပေးတာက ကျွန်တော်တို့ကို နေ့စဉ်တွေ့ကြုံနေရတဲ့ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့်ရစေနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ပါ။

ဘောလုံးပွဲတွေကြည့်ရှု့မှုကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ဘောလုံးပွဲကြည့်ရှု့တာက တက်ကြွစေတယ်။

အားကစားသမားတွေက ရယ်ရင်းမောရင်း ပြေးရင်းလွှားရင်း ယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့အတွေးမျိုး ရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကို ရရှိခံစားရမှာဖြစ်ပါတယ်။

အားကစားပွဲတွေ အားပေးတာက လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေတယ်။

လေ့လာမှုတစ်ရပ်အရ  အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင်ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုးမဟုတ်ဘဲ ထရပ်လိုက်၊ ခုန်ပေါက်လိုက်၊ အော်ဟစ်အားပေးလိုက်၊ လက်တွေ ဝှေ့ရမ်းပြီး အားပေးလိုက်လုပ်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

အသက်ပိုရှည်စေတယ်။

ဘောလုံးပွဲကို ကွင်းထဲ သွားကြည့်ရတာ မကြိုက်ဘဲ ဖန်သားပြင်ကနေပဲ ကြည့်ချင်တဲ့သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူချိန်းပြီးကြည့်တာက ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်ကို ထိန်းသိမ်းနိုင်မှာဖြစ်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိ တိုးလာမှာဖြစ်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ Brigham Young တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာပါရှိပါတယ်။

စုံတွဲတွေကြားက ဆက်ဆံရေးကို ကောင်းမွန်စေတယ်။

သင့်ရဲ့ ချစ်သူက အားကစားဝါသနာပါသူတစ်ဦးဆိုရင် ကိုယ်က အားကစားဝါသနာမပါရင်တောင် သူကြိုက်တဲ့အသင်းကို သူနဲ့အတူ ကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့ အားကစားပွဲတွေအကြောင်း နားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကို စိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့အသင်း အနိုင်ရတဲ့အခါ တက်စတိုစတုန်းဟော်မုန်းထုတ်လုပ်မှုတွေဖြစ်ပေါ်လာပြီး စုံတွဲနှစ်ဦးကြားက ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။ ဝါသနာတူတာက စုံတွဲတွေကို လိုက်ဖက်ညီစေပြီး နှလုံးကျန်းမာရေးကောင်းစေဖို့ အပြန်အလှန်အထောက်အကူပြုစေနိုင်သလို အသက်လည်း ပိုရှည်စေပါတယ်။

ဦးနှောက်အတွက် အကျိုးပြုတယ်။

အားကစားပွဲတွေ ကြည့်ရှုတာက လူမှုဆက်ဆံမှုစွမ်းရည်ကို တိုးတက်စေနိုင်သလို စနစ်တကျနေထိုင်တတ်အောင်လည်း အထောက်အကူပြုပါတယ်။ အားကစားပွဲတွေ ကြည့်ရှု့တာက ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်လို့ ၂၀၀၈ ခုနှစ်ကချီကာဂိုတက္ကသိုလ်က သုတေသီတွေ ပြုလုပ်တဲ့လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

ဘောလုံးပွဲကြည့်တာကြောင့် ဘာဆိုးကျိုးတွေ ဖြစ်နိုင်မလဲ

အချိန်ကြာမြင့်စွာ ထိုင်မိနိုင်တယ်။

ဘောလုံးပွဲတွေ ကြည့်တဲ့အခါ အချိန်ကြာမြင့်စွာ အလှုပ်အရှားမရှိ ထိုင်ပြီးအားပေးမိမယ်ဆိုရင်တော့ မတ်တတ်ထရပ်လိုက်တဲ့အခါ မိုက်ခနဲဖြစ်သွားတာမျိုးနဲ့ နောက်ကျောနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးတယ်။

မိမိအားပေးတဲ့အသင်း အနိုင်ရစေလိုတဲ့စိတ်ကြောင့် စိတ်ဖိစီးတဲ့ဒဏ်ကိုခံစားရပြီး အဆိုပါစိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ ရုတ်တရက် နှလုံးရပ်သွားတာ၊ လေဖြတ်တာနဲ့ အခြားကျန်းမာရေးပြဿနာတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။

စိတ်ဓာတ်ကျတယ်။

မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံးကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်းရောင်းချခံလိုက်ရတာ၊ အသင်းပြောင်းသွားတာမျိုးတွေ တွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။

အမှားအယွင်းတွေနဲ့ မတော်တဆဖြစ်ရပ်တွေ ဖြစ်ပေါ်စေနိုင်တယ်။

မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံးကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်းရောင်းချခံလိုက်ရတာ၊ အသင်းပြောင်းသွားတာမျိုးတွေတွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကိုခံစားရတဲ့အခါ ကားမောင်းနေစဉ် အခြားကားတွေကို မရှောင်မိတာ၊ ကားတွေကို မကြည့်ဘဲ သတိလက်လွတ်လမ်းဖြတ်ကူးမိတာ၊ ဆေးသောက်ဖို့ မေ့သွားတာ၊ ကလေးကျောင်းကြိုဖို့ မေ့သွားတာလိုမျိုး အရေးကြီးတဲ့အရာတွေကို မေ့လျော့သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေ စားသုံးမိနိုင်တယ်။

ဘောလုံးပွဲကြည့်ရင်း ဆားတွေ၊ သကြားတွေ၊ ကယ်လိုရီတွေ၊ တာရှည်ခံဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ အများအပြားပါဝင်နေတဲ့ အာလူးကြော်တွေ၊ ဆီကြော်မုန့်တွေနဲ့ ဘီယာတွေကို သတိမထားမိဘဲ အများကြီးသောက်သုံးမိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲထဲ အာရုံရောက်နေတာကြောင့် အစားအစာတွေ ဘယ်လောက်တောင် စားမိလဲဆိုတာကို သတိမထားမိဘဲဖြစ်နိုင်ပါတယ်။

ဘောလုံးပွဲကြည့်တာကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဘေးပတ်ဝန်းကျင်ကို အရေးစိုက်ပါ။

ဘောလုံးပွဲကြည့်တာအခါ ဘောလုံးပွဲက ကစားပွဲတစ်ခုသာဖြစ်ပြီး မိမိဘဝအပေါ် အကျိုးသက်ရောက်မှု အနည်းအကျဉ်းပဲရှိတယ်ဆိုတာကို သတိပြုပါ။ မိမိရဲ့လက်တွေ့ဘဝမှာ ပါဝင်နေတဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေ၊ အရာတွေကို အရေးစိုက်ပေးပါ။

ဘောလုံးပွဲကို တစ်ယောက်တည်း မကြည့်ပါနဲ့။

ဘောလုံးပွဲကြည့်တဲ့အခါ တစ်ယောက်တည်းကြည့်တာက စိတ်ဖိစီးမှု ပိုများစေနိုင်တာကြောင့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူကြည့်ပါ။ သူတို့ရဲ့ပြောဆိုအားပေးမှုမှာ ကိုယ်ပါစီးမျောရင်း စိတ်ဖိစီးမှု လျော့နည်းသွားပါတယ်။

ဘောလုံးပွဲမကြည့်ခင် ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်ပါ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ။

ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာက ဘောလုံးပွဲကြည့်နေတုန်းမှာ အစားတွေ အများကြီးမစားမိအောင် ကာကွယ်ပေးပါလိမ့်မယ်။

အနားပေးပါ။

ဘောလုံးပွဲကြည့်ရင်း မတ်တတ်ထရပ်ပါ။ လမ်းထလျှောက်ပါ၊ အပေါ့အပါး ထသွားပေးပါ။

ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပါ။

ဘောလုံးပွဲကြည့်နေတဲ့အခါ အေးပြီး စိုစွတ်တဲ့အနေအထားမျိုးဆိုရင် အပေါ်ထပ်အနွေးထည်လေး ဝတ်တာမျိုး၊ နွေးထွေးအောင်နေတာမျိုးတွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။

အနီးဝန်းကျင်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေပဲ ရှိပါစေ။

ဘောလုံးပွဲကြည့်ရင်း အစားအသောက်တွေစားတတ်တယ်ဆိုရင် သစ်သီးတွေ၊ ဟင်းသီးးဟင်းရွက်တွေနဲ့ အရည်ဓာတ်များများပါတဲ့အရာတွေကိုပဲ မိမိအနီးဝန်းကျင်မှာထားရှိပေးပါ။

အထက်မှာ ဖော်ပြထားတဲ့အကြောင်းအရာလေးတွေကို ဖတ်ရှုပြီး အားကစားဝါသနာရှင်ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ အသင်းကို ကျန်းမာရေးနဲ့ညီညွတ်စွာအားပေးနိုင်ပါစေကြောင်း။

ဤဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required