နိုဗယ်ဆုရှင် ဒက်စမွန် တူးတူး မှ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ

နိုဗယ်ဆုရှင် ဒက်စမွန် တူးတူး မှ ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာ

တောင်အာဖရိကမှ နိုဗယ်ဆုရှင် ဒက်စမွန် တူးတူးက  ဒေါ်အောင်ဆန်းစုကြည်သို့ ပေးစာတစ်စောင်ကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်မှာ ပေးပို့ခဲ့ပါတယ်။

စက်တင်ဘာ ၈

ချစ်လှစွာသော နှမငယ်

ငါဟာ ခုဆိုရင် အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီး အိုမင်းမစွမ်းဖြစ်နေပါပြီ၊ အနားလည်း ယူထားပြီးပါပြီ။ အများပြည်သူအရေးကိစ္စတွေမှာ ဝင်မပါတော့ပဲ ငါ့ဘာသာ တိတ်တိတ်လေးပဲ နေတော့မယ်လို့ သံန္ဒိဌာန်ချထားခဲ့ပေမယ့် အခုတော့ ညီမရဲ့ နိုင်ငံမှာ အင်မတန်ဝမ်းနည်းစရာကောင်းလှတဲ့ ဘင်္ဂလီ မွတ်ဆလင်အရေးကိစ္စအကြောင်း ဝင်ပြောရပါတော့မယ်။

ငါ့စိတ်နှလုံးထဲမှာတော့ မင်းဟာ ငါရဲ့ ချစ်ရတဲ့ နှမငယ်လေးတစ်ယောက်ပါပဲ။ မြန်မာပြည်သူတွေအပေါ်မှာထားတဲ့ မင်းရဲ့ချစ်မြတ်နိုးစိတ်၊ မင်းရဲ့ စွန့်လွှတ်အနစ်အနာခံမှုတို့ကို ငါ့ကို အမြဲတမ်း သတိရနေစေအောင်လို့ မင်းဓာတ်ပုံ တစ်ပုံကိုတောင် ငါ့စားပွဲပေါ်မှာ နှစ်တွေအကြာကြီး တင်ထားခဲ့တယ်။ မင်းဟာ တရားမျှတဖြောင့်မှန်ခြင်းဆိုတာကို ဖော်ပြနိုင်ခဲ့တယ်။ ၂၀၁၀ တုန်းက မင်း နေအိမ်အကျယ်ချုပ်က လွတ်တော့ ငါတို့ တအားပျော်ခဲ့ရတယ်၊ဒါပြီးတော့ ၂၀၁၂ မှာ မင်းရွေးကောက်ပွဲနိုင်ပြီး အတိုက်အခံခေါင်းဆောင်ဖြစ်လာတုန်းကလည်း ငါတို့ အောင်ပွဲခံခဲ့ကြရတယ်။

မင်းရဲ့ အများပြည်သူရှေ့မှာ ထင်ထင်ရှားရှား ရပ်တည်ပေးနိုင်မှုကြောင့် ဘင်္ဂလီမွတ်ဆလင်တွေ ကြုံတွေ့နေရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ငါတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုတော့ လျော့ပါးစေခဲ့တယ်။ ဒါပေမယ့်လို့ငြားလည်း တစ်ချို့လူတွေ ပြောနေကြတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အခြားသော မျိုးတုန်းသတ်ဖြတ်မှုမျိုးတွေကတော့ ဆက်ရှိနေတုန်းပဲ ဖြစ်နေတယ်၊ ငါတို့ ခု မြင်တွေ့နေရတဲ့ ဘင်္ဂလီတွေ ခံစားနေရတဲ့ ပုံရိပ်တွေက ငါတို့ကို ထိခိုက်နာကျင်စေရပါတယ်။

တကယ်တော့ လူသားတွေဆိုတာ ပုံပန်းသဏ္ဍာန်၊ ကိုးကွယ်တဲ့ဘာသာ မတူညီဘူးဆိုတာကို မင်းသိလိမ့်မယ်ဆိုတာ ငါတို့ သိပါတယ်။ လူတစ်ချို့ဟာ  အခြားသူတွေထက် ပိုပြီး သြဇာအရှိန်အဝါ ကြီးမားနိုင်ချင်နိုင်ပေမယ့် လူတွေအားလုံးမှာ ဘယ်သူမှ အထက်တန်းစားဆိုတာ မရှိသလို အောက်တန်းစား ဆိုတာလည်း မရှိပါဘူး။ အပေါ်ယံကို မင်းခွာကြည့်မယ်ဆိုရင် ငါတို့အားလုံးဟာ အတူတူတွေပဲ ဆိုတာ တွေ့ရလိမ့်မယ်။ ငါတို့အားလုံးဟာ မိသားစုတစ်စုရဲ့ မိသားစုဝင်တွေချည်းပါပဲ။ လူသားမိသားစုတွေပါ၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်အကြား ဘယ်လို ပင်ဂို ကွာခြားချက်မှ မရှိသလို ဂျူးတွေ၊ ဟိန္ဒူတွေ၊ ခရစ်ယာန်တွေအကြားမှာလည်း ဒီလိုပါပဲ။ ဘယ်သူကိုမှ အကျိုးပျက်စီးဆုတ်ယုတ်မှုမရှိဘဲနဲ့ ချစ်ခင်ကြဖို့ ငါတို့ မွေးဖွားလာကြတာဖြစ်ပါတယ်။ ခွဲခြားဆက်ဆံခြင်းဆိုတာက သဘာဝအတိုင်း လာတာမဟုတ်ပါဘူး။ အဲဒါဟာ သင်ကြားလာတာပါ။

ချစ်လှစွာသော ငါရဲ့ နှမကလေး

မင်းရဲ့ နှုတ်ဆိတ်နေမှုက မင်းအခု မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ရုံးမှာ တက်လှမ်းနေရာယူထားနိုင်ခြင်းရဲ့ နိုင်ငံရေး အရ စွန့်လွှတ်ရမှု ဖြစ်နေမယ်ဆိုရင်တော့ ဒီ စွန့်လွှတ်မှုက လုံ့ဝကို ကြေးကြီးလွန်းလှပါတယ်။  ပြည်တွင်းမှာကို ငြိမ်းချမ်းရေးမရသေးတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ခုလို  လူအားလုံးရဲ့ တန်ဖိုး၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြု ကာကွယ်မပေးနိုင်ဘူးဆိုရင်တော့ အဲ့နိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံမဟုတ်တော့ပါဘူး။

အဲလို နိုင်ငံမျိုးမှာ တရားမျှတမှုရဲ့ သရုပ်ဖော်သူတစ်ဦးက ဦးဆောင်နေတယ်ဆိုရင်လည်း ဘယ်လိုမှ အပ်စပ်မှုရှိနိုင်မှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ခုချိန်မှာ မင်းကို သတ္တိရှိဖို့၊ ခံနိုင်ရည်ရှိဖို့ ငါတို့ ဆုတောင်းပါတယ်။ တရားမျှတမှု၊ လူ့အခွင့်အရေးအတွက် မင်းထုတ်ပြောဖို့ ငါတို့ ဆုတောင်းပါတယ်။ အရှိန်မြင့်နေတဲ့အရေးကိစ္စမှာ မင်းကြားဝင်ဆောင်ရွက်ပြီး မင်းပြည်သူတွေကိုလည်း တရားမျှတမှုလမ်းကြောင်းဆီ နောက်တစ်ကြိမ်ပြန်ရောက်လာအောင် လမ်းညွှန်နိုင်ဖို့ ငါတို့ ဆုတောင်းပါတယ်။

ဘုရားသခင် ကောင်းချီးပေးပါစေ။

ချစ်လှစွာသော

ဒက်စမွန် တူးတူး

တောင်အာဖရိက

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly