အိန္ဒိယတွင် မြန်မာသံရုံးရှေ့ ဆန္ဒပြသူ ၅၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်း

အိန္ဒိယတွင် မြန်မာသံရုံးရှေ့ ဆန္ဒပြသူ ၅၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်း

နယူးဒေလီ၊ စက်တင်ဘာ ၈ ။        ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ မြန်မာသံရုံးရှေ့တွင် စက်တင်ဘာ ၇ ရက်က ရခိုင်ပြည်နယ်အတွင်း ရှိ ဘင်္ဂလီများဘက်မှ ရပ်တည်ကာ ဆန္ဒပြရန် လုပ်ဆောင်သူ  ၅၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြို့တော်၏ အထူးလုံခြုံရေးထားရှိရသော သံရုံးများ ဝန်းကျင်တွင် ဆန္ဒပြမှုများကို ခွင့်ပြုခြင်းမရှိ၍ ယခု ဆန္ဒပြမည့်သူများကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်   ဘင်္ဂလီများ သတ်ဖြတ်ခံရသည်ဟုဆိုကာ ကုလသမဂ္ဂက အရေးယူရန် ဆန္ဒပြသူများက တောင်းဆိုကြသည်။

တစ်ချို့သော ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆုကို ပြန်သိမ်းရန် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့်လ ၂၅ ရက်မှစတင်တင်ကာ အကြမ်းဖက်မှုများ ဖြစ်ပွား နေရာ အစိုးရဝန်ထမ်းများအပါအဝင် အရပ်သားများကို အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်နေပြီး အသတ်ခံရသူများထဲတွင် ဘင်္ဂလီများလည်းပါဝင်နေသည်။

ရခိုင်ပြည်နယ်အတွင်း ယခုတကြိမ်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ( ၅၉) ရွာ ၊ နေအိမ်အလုံးပေါင်း ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက် သမား (၃၇၁) ဦး အသေဖမ်းဆီးရမိကာ (၃၈) ဦးကို အရှင်ဖမ်းမိသည်ဟု ဖော်ပြထားသည်။

ဒေသခံများ သေဆုံးမှု အဖြစ် ဒေသခံတိုင်းရင်းသား (၁၄) ဦး ၊ ဒေသခံ ဟိန္ဒူဘာသာဝင်(၇) ဦး၊ ဘင်္ဂလီ(၇) ဦး စုစုပေါင်း (၂၈) ဦးသေဆုံးခဲ့ကြောင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly