“ပြည်ခိုင်ဖြိုး၊ နန်းတွင်းရေး အရှုတ်တော်ပုံ ဘာလဲ”

“ပြည်ခိုင်ဖြိုး၊ နန်းတွင်းရေး အရှုတ်တော်ပုံ ဘာလဲ”

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းကစ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှာ ထူးခြားမှုတွေ ဖြစ်ပေါ်နေပါပြီ။ သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၁၁း၀၀ နာရီ နောက်ဆုံး သတင်းတွေအရ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားလိုက်ပြီလို့ သိရသလို၊ နေအိမ်မှာ ရှိနေတဲ့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းကတော့ သူကလည်း ပါတီတာဝန်ရှိသူ တစ်ယောက် မဟုတ်တော့ဘူးလို့ ပြောဆိုနေပါပြီ။ သူရဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်းရဲ့ ပြောဆိုချက်အရတော့ သူ့ဖခင် နေအိမ်မှာ လုံခြုံရေး အစောင့်တွေ ရှိနေတယ် ဆိုတဲ့ သတင်းစကားလည်း ထွက်ပေါ်လာပါတယ်။ ဒီ အချက်အလက်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အာဏာရပြည်ခိုင်ဖြိုးပါတီထဲမှာ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်သွားခဲ့တာကို အတည်ပြုနိုင်ပါပြီ။ ဒီလို ဘာကြောင့် ဖြစ်လာရသလဲ၊ ဒီ ရက်ပိုင်းကျမှ ဘာကြောင့် ဖြစ်ရသလဲ၊ ရှေ့ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

တကယ်တော့ အခုလို ဖြစ်ရပ်ဟာ မမျှော်လင့်ပဲ ရှောင်တခင် ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို အသုံးပြုပြီး တပ်မတော် ခေါင်းဆောင်တွေ အစိုးရရာထူး ရယူနိုင်အောင် စနစ်တကျ ဖန်တီးပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို ရည်မှန်းချက် ကြီးပြီး ကိုယ်တိုင် သမ္မတ ဖြစ်လိုတဲ့ သူရဦးရွှေမန်းက ချုပ်ကိုင်လာရာကနေ အစ ပြုတာ ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်ခေတ်က ဝန်ကြီးရာထူးတွေရ၊ သားသမီးတွေ ကြွယ်၀ ချမ်းသာနေပြီး နောက်ပိုင်း အပြောင်းအလဲကာလ လွှတ်တော်ဘက် အပို့ခံလိုက်ရတဲ့ ဝန်ကြီးဟောင်း အုပ်စုကလည်း သူရဦးရွှေမန်းကို ထောက်ခံ၊ ဝန်းရံကြပါတယ်။ အခြားတစ်ဖက်မှာလည်း ဖွဲ့စည်းပုံကြောင့် သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ ပါတီတာဝန် မထမ်းဆောင်နိုင်တော့တဲ့အခါ သူရဦးရွှေမန်းဟာ ပါတီ ဥက္ကဋ္ဌ ဖြစ်ပြီး ပါတီတွင်း သြဇာအာဏာ ကို ပိုပြီးခိုင်ခန့်အောင် တည်ဆောက်လာနိုင်ပါတယ်။ 

နောက်ပိုင်း ရွေးကောက်ပွဲ နီးလာတဲ့အခါ ပြည်ခိုင်ဖြိုးပါတီရဲ့ အောင်နိုင်ရေး ဥက္ကဌ ရာထူး၊ အမတ်လောင်း စိစစ်ရွေးချယ်ရေး ခေါင်းဆောင် စတဲ့ တာဝန်တွေပါ ရလာတဲ့အခါ ဒီ တာဝန်တွေ အားလုံးကို အသုံးချပြီး သမ္မတ ဖြစ်ရေး အစွမ်းကုန် ကြိုးစားပါတော့တယ်။ ဒါပေမယ့် လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ သူကိုယ်တိုင် သမ္မတ ဖြစ်ဖို့ဆိုရင် ပါတီထဲကနေ သမ္မတဦးသိန်းစိန်နဲ့၊ ထောက်ခံသူတွေကို ဖယ်ရှားပစ်ဖို့ လိုမှာဖြစ်တဲ့အပြင်၊ တပ်မတော် စစ်ခေါင်းဆောင်တွေ ဝင်လာပြီး ပါတီကို လွှမ်းမိုးမှာကိုလည်း တားဆီးရမှာ ဖြစ်ပါတယ်။ ဒါတွေ အားလုံးကို သူရဦးရွှေမန်း လုပ်ခဲ့ပါတယ်။ 

ဒီအတွက် တပ်မတော်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဘက်က လုပ်စရာ နှစ်လမ်းပဲ ရှိပါတယ်။ ပထမ တစ်လမ်းကတော့ တပ်မတော်ဘက်က တင်တဲ့ ဒုသမ္မတ တစ်ယောက် သမ္မတ ဖြစ်လာရေး၊ ပါတီသစ် တစ်ခု တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မလား ဆိုတာနဲ့ ပြည်ခိုင်ဖြိုးပါတီကိုပဲ မရ ရတဲ့နည်းနဲ့ ပြန် ထိန်းချုပ်မလား ဆိုတဲ့ နည်းလမ်း နှစ်သွယ်ပါ။ ပထမ နည်းလမ်းအရ ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ပြောရရင် တပ်မတော်ဘက်ကတော့ ပြည်ခိုင်ဖြိုးပါတီကို ဘယ်လိုနည်းနဲ့မှ မစွန့်လွှတ်နိုင်ပါဘူး။ တပ်မတော်ခေါင်းဆောင်တွေ အာဏာရယူရေးအတွက် ရုပ်ဝတ္တုအင်အား ကြီးကြီးမားမား ပြည့်ပြည့်စုံစုံနဲ့ ပြင်ဆင်ပေးထားတဲ့ အမွေခံ ပါတီကြီး တစ်ခု ဖြစ်နေလို့ပါ။ ဒီအတွက် ပြည်ခိုင်ဖြိုးပါတီ ပြန်လည် သိမ်းပိုက်ရေး စစ်ဆင်ရေးကြီး စခဲ့တာ ဖြစ်နိုင်ပါတယ်။

တပ်မတော် တစ်ရပ်အတွက် ထိပ်ပိုင်း ခေါင်းဆောင် (၃) ယောက်လောက်ကို ချန်လှပ်ပြီး သူ့အောက် အရာရှိကြီး အယောက် ၅၀ လောက်ကို တစ်ပြိုင်နက်တည်း အငြိမ်းစားပေးလိုက်ရတယ် ဆိုတဲ့ အလုပ်ဟာ တကယ် မလွယ်ကူပါဘူး။ ဒါပေမယ့် တပ်မတော်အတွက် ပြည်ခိုင်ဖြိုးပါတီကို ပြန်လည် ထိန်းချုပ်ရေးဟာ သေရေးရှင်ရေး တမျှ အရေးကြီးတယ်လို့ မှတ်ယူပြီး ခုလို ရာထူးကြီး တပ်မတော် အရာရှိပေါင်းများစွာ ပါတီတွင်း ဝင်ရောက်ပြီး ပါတီ ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားကြတာ ဖြစ်နိုင်ပါတယ်။ အခြားသော စစ်ရေးစစ်ရာ ကိစ္စတွေထက်ကို အများကြီး အရေးထားတယ်ဆိုတာ ဒီ လုပ်ရပ်ကို ကြည့်ရင် မြင်နိုင်ပါတယ်။

ဘာကြောင့် ဒီ အချိန်မှာမှ ဒီလို အရေးအခင်း ပေါ်ပေါက်ရသလဲ ဆိုတာကလည်း အကျိုးအကြောင်း ရှိပါတယ်။ လက်ရှိ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးထဲ ဝင်သွားတဲ့ တပ်မတော် ထိပ်ပိုင်း အရာရှိကြီးတွေဟာ လက်ရှိ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ် သဘောတူညီချက်ရအောင် ကြိုးပမ်းနေရချိန်ဖြစ်ပါတယ်။ သဘောတူညီချက် မရလို့ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်း ဒီအရေးအခင်း ဆင်နွှဲဖို့ အချိန်နောက်ဆုတ်သွားရတာ ဖြစ်နိုင်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကလည်း ကိုယ်စားလှယ်လောင်း တွေ အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ဟာ သြဂုတ် ၁၄ ရက် နေ့ဆိုတော့ အချိန် သိပ်ဆွဲနေလို့ မရတော့တဲ့ သဘောပါ။ ပါတီတွင်း ရှင်းလင်းပြီးရင် ၂ ရက်အတွင်း အမတ်လောင်း စာရင်း ထပ်တင်တာတွေ၊ တစ်ချို့ ဖြုတ်ချတာတွေ လုပ်ရ ကိုင်ရပါဦးမယ်။ ဒီအတွက် တပ်မတော်ဘက်ကနေ ဒီ စစ်ဆင်ရေးကို နေ့ည မဆိုင်းပဲ ဆင်နွှဲလိုက်ပုံ ရပါတယ်။

ဒါကိုကြည့်ရင် အစိုးရနဲ့ တပ်မတော်ဘက်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်တာမျိုး လုပ်ချင်ပုံ မရဘူးလို့ မှတ်ယူနိုင်ပါတယ်။ နိုင်ငံတကာကိုလည်း အခု အဖြစ်အပျက်ဟာ ရွေးကောက်ပွဲကို လုံး၀ မထိခိုက်နိုင်ပါဘူးဆိုပြီး အသိပေးလိုက်ပုံရပါတယ်။ နောက်တစ်ချက်က ဒီပြသနာကို ပါတီတွင်း ပြသနာ အဖြစ် ရှုမြင်လို့ ရနိုင်မရနိုင်ပါ။ တကယ်တော့ ပြည်ခိုင်ဖြိုးပါတီဆိုတာ အရင် စစ်အာဏာရှင်တွေ ဖန်တီးပေးထားခဲ့တဲ့ ပါတီပါ။ တပ်မတော်နဲ့ ပါတီပေါင်းပြီး အစိုးရအာဏာ ရယူနိုင်အောင် ဖန်တီးထားတဲ့ ပါတီပါ။ ပြည်သူတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီ တစ်ခုခု မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ ပါတီ၊ တပ်မတော်၊ အစိုးရအဖွဲ့ အားလုံးဟာ ဘက်တစ်ဖက်တည်း၊ အုပ်စု တစ်စုတည်းပါ။ ဒါကြောင့် လက်ရှိ ဖြစ်ပွားနေတဲ့ အရေးကိစ္စဟာ ပါတီတွင်း ပြသနာ သက်သက်လို့ သုံးသပ်နိုင်ပါတယ်။ ပါတီတွင်း ပဋိပက္ခ အဆုံးသတ် တိုက်ပွဲဆင်နွဲှနေကြတာပါ။ တိုင်းပြည်အတွက် ဘာမှ ထိခိုက်မှု မရှိနိုင်ပါဘူး။

အရေးပါတဲ့ မေးခွန်းတစ်ခုကတော့ လာမယ့် လွှတ်တော်မှာ သူရဦးရွှမန်းက နာယက ဆက် ဖြစ်နေဦးမှာလား၊ လွှတ်တော်ရဲ့ အနေအထား ပြောင်းသွားမှာလား ဆိုတာပါ။ အစိုးရဘက်က သူရဦးရွှေမန်းကို ပြင်းထန်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ အရေးယူခဲ့မယ် ဆိုရင်တော့ လွှတ်တော် တာဝန်ယူလို့ ရမှာမဟုတ်တော့သလို၊ လက်ရှိ အမတ်လောင်း အနေနဲ့လည်း အရွေးခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအတွက် လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေကလည်း ပါတီရဲ့ ဆုံးဖြတ်ချက်တွေကို နာခံရမှာ ဖြစ်လေတော့ လွှတ်တော် အနေအထား၊ ရပ်တည်ချက်လည်း လိုက်ပါ ပြောင်းလဲသွားမှာပါ။
နောက်ဆုံး ကျန်ခဲ့မယ့် ပဟေဠိ တစ်ခုကတော့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား လှို့ဝှက်နားလည်မှုတွေ ရှိခဲ့သလား ဆိုတာပါ။ ဒါကို ဘယ်သူမှ မသိနိုင်သေးတဲ့အတွက် ပဟေဠိ တစ်ခုအဖြစ်ပဲ ဆက်ရှိနေဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required