ရန်ကုန် ၊ စက်တင်ဘာ ၇ ။ ။ ပရိသတ် အခိုင်အမာ ရရှိထားပြီး ယခုနှစ်ထဲတွင် 7 ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ထွက်ရှိ ထားသည့် အဆိုတော်တင်ဇာမော်သည် အောက်တိုဘာလတွင် ၎င်း၏ 7 Concert တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် စက်တင်ဘာ ၇ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်သည်။
အဆိုတော် တင်ဇာမော် ၏ 7 Concert တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာ ၇ ရက်တွင် သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ထိုဖျော်ဖြေပွဲကို 9 Planets Entertainment မှ စီစဉ် ဆောင်ရွက် ခြင်း ဖြစ်သည်။
"7 Concert” ဟု ဆိုသည့်အတိုင်း ရသ (၇) မျိုးပါဝင်သည့် ဂီတဖျော်ဖြေပွဲတစ်ခုအဖြစ် စီစဉ်ထားပြီး " 7 Concert " သည် စင်ပေါ်စင်အောက် ရန်ခုန်သံထပ်တူညီစေမည့် မိတ်ဟောင်းဆွေဟောင်းတို့ ဆုံကြမည့် ပွဲတစ်ခု ဖြစ်သလို အဆိုတော် တင်ဇာမော်နှင့် ၎င်း၏ပရိသတ်၊သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများ အားလုံးနှင့် အတူတူ နွေးနွေးထွေးထွေး ပျော်ရွှင်ကြမည့်ပွဲ တစ်ခုဖြစ်ရန်လည်း ရည်ရွယ်ထားသည်။
အဆိုတော် တင်ဇာမော်မှ 7 album ထဲမှ တေးသီချင်းများကိုလည်း ဖျော်ဖြေရန် စီစဉ်ထားပြီး အောက်တိုဘာ ၇ရက်တွင် ကျင်းပခြင်း သည် ၎င်း အကြိုက်ဆုံး ဂဏန်း မှာ 7 ဖြစ်သည့်အတွက် အောက်တိုဘာ ၇ရက်တွင် ကျင်းပပြုလုပ်ဖြစ်ခြင်း ဖြစ်သည်။
ထိုဖျော်ဖြေပွဲ အတွက် ဝင်ခွင့်လက်မှတ် များအား စက်တင်ဘာ (၁) ရက်နေ့ မှ စတင်ပြီး ရောင်းချခဲ့သလို VVIP Exclusive ကို တစ်စောင်လျှင် ၇သောင်းကျပ် ၊ VVIP လက်မှတ် တစ်စောင်လျှင် ၅သောင်းကျပ် ၊ VIP -လက်မှတ် တစ်စောင်လျှင် ၃သောင်းကျပ် အဖြစ် သတ်မှတ် ထားသည်။
ထို့အပြင် မတ်တပ်ရပ် ကြည့်ရှုအားပေးမည့် ပရိသတ်များ အတွက်ကိုလည်း GA (standard) လက်မှတ်ကို စီစဉ်ထားကာ ထိုလက်မှတ် တစ်စောင်ကိုတော့ ၁၅၀၀၀ကျပ် ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။
ယခုချိန်ထိ ပရိသတ် အားပေးမှု ရရှိထားသည့် အဆိုတော် တင်ဇာမော် သည် ၂၀၁၆ ခုနှစ်တွင် ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး မြို့များတွင် ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲများပြုလုပ်ခဲ့သလို ပရိသတ်အားပေးမှု များစွာ ရရှိခဲ့သည်။