မောင်တောရှိ နေအိမ်မီးရှို့ခဲ့သည်ဆိုသူများကို အမြန်ဆုံးဖမ်းဆီးအရေးယူမည်

မောင်တောရှိ နေအိမ်မီးရှို့ခဲ့သည်ဆိုသူများကို အမြန်ဆုံးဖမ်းဆီးအရေးယူမည်

ရန်ကုန်၊ စက်တင်ဘာ ၇ ။           ။ အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံနှံ့နေသည့် မောင်တောဒေသရှိ နေအိမ်များမီးရှို့ခံရသည့် ဓာတ်ပုံများနှင့်ပတ်သက်ပြီး နေအိမ်မီးရှို့သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူမည်ဟု အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားလိုက်သည်။

“ (၁) မီးရှို့တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီး အရေးယူပါမယ်။ (၂) လုပ်ကြံပြီး မီးရှို့တယ် ဆိုရင် ပူးပေါင်း ပါဝင်သူအားလုံးကို ဖော်ထုတ်ပြီး အရေးယူပါမယ်။ (၃) ဘယ်သူဘယ်ဝါပဲ ဖြစ်ဖြစ် ဥပဒေနဲ့ အညီပဲ ဖြစ်ရပါစေမယ် ”ဟု ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က သတင်းတစ်ခုတွင် ဖော်ပြထားသော မောင်တောဒေသ အမှတ် ၄ ရပ်ကွက်တွင် ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့သည်ဟု ဆိုသည့် သတင်းကို အတိုင်ပင်ခံရုံးညွှန်ကြားရေးမှ ၎င်း၏ တွစ်တာအကောင့်တွင် ပြန်လည် ထပ်ဆင့်ရေးသားခဲ့ပြီးနောက် အွန်လိုင်းတွင် ပိုမိုပြန့်နှံ့ခဲ့သည်။

မီးရှို့သည်ဆိုသည့် ဓာတ်ပုံများနှင့် ပတ်သက်ပြီး စိစစ်မှုတွေ ဆောင်ရွက်နေသည်ဟုလည်း ရေးသားထားသည်။

ထို့အပြင် သတင်းအတုများဖြင့် မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေခြင်းများ ကို ရင်ဆိုင်နေရသော်လည်း မုသားဖြင့် ပြန်လည်တုံ့ပြန်ရန်မလိုဟုလည်း ပြောသည်။

“ မုသားများနဲ့ Framing လုပ်ထားတဲ့ ကမ္ဘာကြီးမှာ အမှန်တရားကို သက်သေပြနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ် ” ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါပုံများကို ကိုယ်တိုင် ဖုန်းကင်မရာဖြင့် ရိုက်ကူးသည်ဟု ထွက်ဆိုသူအား ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံထဲတွင် ပါဝင်သည့်သူများကိုလည်း ဆက်လက် စစ်ဆေးဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ဦးဇော်ဌေးက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly