စဥ့်ကူးမြို့နယ်တွင် တောင်ကျရေကြောင့် မျောပါ ပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ကူညီ

စဥ့်ကူးမြို့နယ်တွင် တောင်ကျရေကြောင့် မျောပါ ပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ကူညီ
ဓာတ်ပုံ ကိုကျော်စွာဦး

မန္တလေး စက်တင်ဘာ ၇ ။       ။ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိရပ်ကွက် နှင့် ကျေးရွာတစ်ချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၂၀၁၇)ခုနှစ် စက်တင်ဘာ(၆)ရက် နံနက်(၄)နာရီကျော်မှ စတင်၍ မန္တလေး-မိုးကုတ်ကားလမ်း နှင့် လမ်းဘေးရှိ ကျေးရွာနှစ်ရွာ ရေကျော် ရေဝင်ရောက်မှု ဖြစ်ခဲ့ရာ မျောပါ ပျက်စီးခဲ့သော နေအိမ်(၅၈)လုံး၊ တစ်ဝက်တစ်ပျက် ပျက်ခဲ့သော   နေအိမ်(၁၆)လုံး နှင့်   ရေဘေးဒုက္ခသည်များအတွက် စက်တင်ဘာ(၇)ရက်တွင်  မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း သိရသည်။

'' ကျွန်တော်တို့ ဒီနေ့နေအိမ်ပျက်စီး မျောပါခဲ့တဲ့ အိမ်တွေကို တစ်အိမ် တစ်သိန်းနှုန်းနဲ့ ထောက်ပံ့ကူညီပေးခဲ့တယ်၊ ထောက်ပံ့ငွေနဲ့ ဆန်ရိက္ခာ အပါအဝင် စုစုပေါင်း (၈၁)သိန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်၊ တစ်အိမ်ထောင်ကို ပစ္စည်း ၁၉မျိုးပါ ထောက်ပံ့ပစ္စည်းတွေနဲ့ လူတစ်ဦးကို ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ပေးခဲ့ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်   ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

မန္တလေး-မိုးကုတ်လမ်းဘေးရှိ ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက် ကျေးရွာ နှင့် နွယ်ရုံကျေးရွာတို့တွင် ယမန်နေ့မနက်ပိုင်းက ရုတ်တရက် ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသရှိ   ပြည်သူများ ပစ္စည်းသိမ်းချိန်မရဘဲ ထွက်ပြေးခဲ့ရကြောင်း၊ ဆိုင်ခန်း(၂၀၀)ရှိ ကျည်တောက်ပေါက်ရွာဈေး ရေနစ်မြုပ်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ဒေသခံများက ဆိုသည်။

'' တောင်ကျရေဆိုတော့ မနေ့က မနက်ပိုင်းက နေ့လည်လောက်ထိ ရေရှိခဲ့တယ်၊ ညနေပိုင်းမှ သွားလာလို့ရနေပါပြီ၊ ဒီနေ့ မနက်ပိုင်း ရေ မရှိသလောက်ဖြစ်သွားပါပြီ။ ရေဝပ်တဲ့နေရာတချို့မှာတော့ ကျန်နေတာ ရှိပါတယ်၊ လူကယ်ပြန်၊ မန္တလေး ဗြဟ္မစိုရ်တို့က လာရောက်ထောက်ပံ့ကူညီပေးပါတယ်၊ အခုလိုဖြစ်ရတာက သဘာဝပတ်ဝန်းကျင် ပျက်စီးတာရယ်၊ လူနေအိမ်တွေ ချဲ့ထွင်တာကြောင့် ရေနုတ်မြောင်းတွေ ပျက်စီးပြီး ရေစီးရေလာမကောင်းလို့ အခုလို နှစ်ပေါင်း (၂၀)နှစ်ကျော်မှ စံချိန်တင် ရေကြီးတာပါ၊ ရေကြီးတာက လူပရောဂ မကင်းဘူးလို့ ယူဆပါတယ်၊ ကျည်တောက်ပေါက် ကျေးရွာရဲ့ အထက် တစ်ဖာလုံခွဲအကွာက ကုန်းမြင့်ပိုင်းမှာ ရှိတဲ့ ရွှေတူးဖော်ရေကွင်းတွေရဲ့ စွန့်ပစ် ရေလှောင်ကန်တစ်ခုရှိတယ်၊ အဲကန်က (၁၀)ဧက အထက်မှရှိတယ်၊ မိုးများပြီး တောင်ကျချောင်းရေ ကျသလို အဲဒီ စွန့်ပစ်ရေလှောင်ကန် ကျိုးကျသွားလို့ အခုလို ဆိုးဆိုးဝါးဝါး ရေကျော် ရေဝင်ရောက်ဖြစ်ပါတယ် '' ဟု စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ ဦးကျော်စွာဦးက ပြောသည်။

စဉ့်ကူးတွင် တောင်ကျရေကြောင့် ရေကျော်ဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ရေဘေးဒုက္ခသည် (၃၅၄)ဦးရှိပြီး  (၆၅၆)သိန်း ဆုံးရှုံးမှုရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly