သူရဦးရွှေမန်း၏ နေပြည်တော်နေအိမ်၌ အစောင့်များချထား

သူရဦးရွှေမန်း၏ နေပြည်တော်နေအိမ်၌ အစောင့်များချထား

သြဂုတ် ၁၃ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ နေပြည်တော်ဌာနချုပ်၌ ပါတီဦးဆောင်ကော်မတီဝင်များ အစည်းအဝေးလုပ်နေသော်လည်း ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့မှာမူ အစည်းအဝေးတက်ခွင့်မရဟု သိရသည်။

သို့သော် ၎င်းတို့နှစ်ဦးမှာ နေပြည်တော်နေအိမ်၌ပင် လက်ရှိအချိန်အထိ ကျန်းကျန်းမာမာ ရှိနေသေးကြောင်း ဦးမောင်မောင်သိမ်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ နေအိမ်တွင် အစောင့်များချထားသည်ဟု သတင်းများ လည်း ထွက်ပေါ်နေသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီ-ပြည်ခိုင်ဖြိုးမှ လွှတ်တော်အမတ်လောင်းများဆိုင်ရာ အစည်းအဝေး ကျင်းပသည့် သြဂုတ် ၁၂ ရက်ညပိုင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ပြည်ခိုင်ဖြိုး နေပြည်တော်ဌာနချုပ်ရုံးသို့ ဝင်ရောက်မှုများလည်းရှိခဲ့သည်။

တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ထရပ်ကားများဖြင့် သြဂုတ် ၁၂ ရက် ည ၁၀ နာရီခန့်တွင် ဌာနချုပ်ရုံးဝင်းအတွင်းသို့ ရောက်ရှိကြကြောင်း သိရသည်။

ပါတီဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်း၏သား ဦးတိုးနိုင်မန်းက "မနေ့ညက ပါတီဝင်းအတွင်းကို ရဲတွေဝင်သွားကြတယ်။ အဲဒီနောက် ဘယ်သူမှဝင်ထွက်ခွင့်မရှိတော့ပါဘူး။" ဟု AFP သို့ပြောသည်။

နေပြည်တော်ရှိ သူ၏ဖခင် သူရဦးရွှေမန်း၏ အိမ်အတွင်း၌လည်း အစောင့်တပ်ဖွဲ့ဝင်များ ချထားသည်ဟုလည်း ဦးတိုးနိုင်မန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required