အိမ်မှာနေရင်း အလုပ်လုပ်သူတွေအတွက် ကျန်းမာစွာနေထိုင်နည်း

အိမ်မှာနေရင်း အလုပ်လုပ်သူတွေအတွက် ကျန်းမာစွာနေထိုင်နည်း

ရေးသားသူ-Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အိမ်မှာနေရင်း အလုပ်လုပ်သူတွေ  ဘယ်လိုကျန်းမာအောင်နေထိုင်မလဲ

အိမ်ကနေပဲ အလုပ်လုပ်သူတွေ၊ freelancer အလုပ်လုပ်သူတွေဟာ ကျန်းမာရေးအတွက် တွေးရပြီဆိုရင် များပြားလှတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မီးဖိုချောင်ထဲက စားချင့်စရာသရေစာမုန့်တွေပေါနေတာရယ်၊ လူမှုရေးမှာတက်တက်ကြွကြွမရှိတော့တာရယ်၊ အိပ်ရာထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်တာလိုမျိုး လုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရေးရှုထောင့်အရ မသင့်လျော်တဲ့အနေအထားနဲ့ အလုပ်လုပ်တာတွေဟာ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။

အိမ်ကနေပဲ အလုပ်လုပ်မယ်ဆိုတဲ့သူတွေဟာ အရင်ဆုံး –

(၁) အလုပ်လုပ်မယ့်သီးသန့်နေရာတစ်ခုခုဖန်တီးပါ

အိမ်ထဲမှာ အလုပ်လုပ်ဖို့သီးသန့်နေရာလွတ်တစ်ခုကိုဖန်တီးပါ။အိပ်ရာဆိုတာ အိပ်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။ အလုပ်တွေကို အိပ်ရာထဲ သယ်လာတာဟာ ကိုယ့်ရဲ့အနားယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အခန်းကျဉ်းလေးတစ်ခုထဲမှာနေထိုင်သူဖြစ်ရင်တောင် စားပွဲ တစ်လုံး၊ခုံတစ်လုံးချပြီး နေရာသတ်မှတ်ကာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားလို့ရပါတယ်။

(၂) တစ်နာရီကြာတိုင်း တစ်ခါထ၊ ဟိုဟိုဒီဒီလှုပ်ရှားပေးပါ

နေရာလေးကျနေပြီ။ထိုင်လို့ကောင်းနေပြီဆိုရင် ထိုင်ခုံမှာ ကျောက်ချပြီးထိုင်နေဖို့လွယ်ပါတယ်။တစ်နာရီကြာတိုင်းသတိပေးပြီး အကြောထဆန့်နိုင်ဖို့ နှိုးစက်ပေးထားပါ သို့မဟုတ် အပလီကေးရှင်းသုံးပါ။အပြင်ခဏထွက်တာ၊ အိမ်နားတဝိုက် လမ်းပတ်လျှောက်တာ၊ နေရောင်ခည်ခံပြီး လေကောင်းလေသန့်ရှူတာတွေလုပ်ပေးပါ။

(၃) အချိန်ဇယားဆွဲပြီး လုပ်ပါ

အိမ်မှာပဲဆိုတော့ မနက်ကို နောက်ကျမှအိပ်ရာထပြီး ကို့လို့ကန့်လန့်အချိန်မှာ အလုပ်စလုပ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်တကယ် ရုံးသွားတက်ရသလိုမျိုး အချိန်သတ်သတ်မှတ်မှတ်ထားပြီး အလုပ်စမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော၊ သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုပါ ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။

(၄) စိတ်ကြည်နူးစရာပတ်ဝန်းကျင်တစ်ခုဖန်တီးပါ

အိမ်မှာနေတယ်ဆိုမှတော့ သင့်အနီးဝန်းကျင်ကို လွတ်လွတ်လပ်လပ် ကြိုက်သလိုပြင်ဆင်ထားရှိလို့ရတာပေါ့။ဒီတော့ ကိုယ်အလုပ်လုပ်မယ့်နေရာကို စိတ်ချမ်းမြေ့စရာဖြစ်အောင်ဖန်တီးပြီး စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်ပါတယ်။ အလှပန်းအိုးသေးသေးလေးတွေ၊ စာရေးကိရိယာထည့်တဲ့ ပစ္စည်းအဆန်းလေးတွေလိုမျိုး အဆင်အယင်တွေကို ထားရှိလို့ရပါတယ်။  အလှအပမပြင်ဆင်နိုင်ရင်တောင် အနည်းဆုံးတော့သပ်သပ်ရပ်ရပ်ထားရှိပေးပါ။ ရှုခင်းလှလှမြင်ရလို့ စိတ်တည်ငြိမ်တယ်ဆိုရင်တော့ ပြတင်းပေါက်နားမှာအလုပ်စားပွဲထားပါ။

(၅) ဖုန်းတကိုင်ကိုင် အမြဲမလုပ်ပါနဲ့

အိမ်ကနေ အလုပ်လုပ်ရင် အွန်လိုင်းကနေပဲ လုပ်ငန်းဆွေးနွေးရတာများပါတယ်။ဖုန်းကနေ conference call  ခေါ်တာပဲဖြစ်ဖြစ်၊ ကွန်ပျူတာကနေ ဗီဒီယိုချတ်ခေါ်တာပဲဖြစ်ဖြစ် ပုံစံအနေအထားကျနနေဖို့ ဂရုစိုက်ရတာကြောင့် နာကျင်မှုက ရှိကိုရှိမှာပါ။အလုပ်တာဝန်အများကြီး တာဝန်ယူထားရသူတွေအနေနဲ့တော့ လက်ကကွန်ပျူတာမှာ စာရိုက်ရပြီး ဖုန်းကိုနားရွက်နဲ့ပခုံးကြား ညှပ်ကာ ဖုန်းပြောကြရပါတယ်။

ဒါပေမယ့် ဒီလိုကိုယ်နေဟန်ထားတွေ ထပ်ကာတလဲလဲ လုပ်မိတဲ့အခါ ခါးအထက်ပိုင်း၊ လည်ပင်းနဲ့ပခုံးကြွက်သားတွေမှာ ဒဏ်ဖြစ်ပြီး ထိခိုက်နာကျင်စေနိုင်ပါတယ်။ ကြွက်သားတောင့်တင်းမှုနဲ့အကြောဆွဲခြင်းတို့အပြင် ကျောရိုးစောင်းခြင်းအထိတောင် ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဖြစ်နိုင်ရင် အလုပ်လုပ်ရင်း ဖုန်းစကားပြောဖို့လိုတဲ့အခါ နားကြပ် သို့မဟုတ် headset ကိုအသုံးပြုဖို့ ပညာရှင်တွေက အကြံပြုပါတယ်။

(၆) အလုပ်ကို ဘယ်အချိန်ရပ်မလဲ သတိထားသင့်

လပ်တော့ကွန်ပျူတာ သို့မဟုတ် ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုခုကို လက်လှမ်းမီတဲ့နေရာမှာပဲထားရှိတာက အိမ်မှာ အလုပ်လုပ်ရတာပိုလွယ်ကူစေပေမယ့် ရုံးသွားတက်နေရတာထက် အလုပ်ချိန်ပိုကြာသွားစေနိုင်လောက်အောင် အချိန်ကုန်မှန်းမသိဖြစ်စေပါတယ်။ မနက် ၈ နာရီ- ၉နာရီမှာ အိပ်ရာထ၊ပြေးလွှားလုပ်ကိုင်ရင်း ညနေ ၅ နာရီ-၆နာရီရောက်သွားတာမျိုးက တစ်နေ့ကို ၈ နာရီလောက် ကွန်ပျူတာထိုင်ကြည့်နေခဲ့ရတာပဲဖြစ်ပါတယ်။

ဒီလိုမျိုးက ခန္ဓာကိုယ်ရဲ့အနေအထားနဲ့ ကျန်းမာရေးမှာ မကောင်းတဲ့သက်ရောက်မှုရှိစေနိုင်တဲ့အပြင် တခြားအရာတွေထက် ခါးအောက်ပိုင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။   နောက်တစ်နေ့မကူးခင် အလုပ်ပြီးစီးဖို့ ညနေပိုင်းမှာအပြီးသတ်မယ့်အချိန် သတ်မှတ်တာလည်းလုပ်ရပါမယ်။ ဒီလိုမသတ်မှတ်ရင် အလုပ်ချိန်လည်းကြာမှန်းမသိပိုကြာ၊ အလုပ်လည်းမပြီး၊ စိတ်လည်းဖိစီးရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

(၇) လေ့ကျင့်ခန်းအတွက် အချိန်ဇယားရေးဆွဲပါ

အလုပ်သွားရရင် gym သွားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်တက်ကြွနေမှာဖြစ်ပေမယ့် အိမ်ကနေပဲအလုပ်လုပ်တဲ့အခါ မသွားဖြစ်တာများလာပါမယ်။ ဒါ့ကြောင့် အိမ်မှာနေလည်း လေ့ကျင့်ခန်းလုပ်ဖို့ ပုံမှန်အချိန်သတ်မှတ်ပါ။ အိမ်ကအလုပ်ခန်းမှာလည်း ကျန်းမာရေးဟန်ချက်ထိန်း ကုလားထိုင်၊wobble cushions တွေ လိုမျိုး တွေထည့်သုံးထားရင် အလုပ်လုပ်နေရင်း ကယ်လိုရီလောင်ကျွမ်းစေမယ့် လှုပ်ရှားမှုတွေ လုပ်ဖြစ်နေမှာပါ။

(၈) အအိပ်မှန်အောင်ဂရုစိုက်ပါ

အိမ်ကနေအလုပ်လုပ်တာဟာ နေ့စဉ်ရုံးကိုအသွားအပြန်လုပ်ရတဲ့ တစ်နာရီလောက်အချိန်ကို သက်သာစေတာကြောင့် မနက်အစောကြီးမထဘဲ ပုံမှန်အချိန်မှအလုပ်စလုပ်တာကောင်းပါတယ်။  ညဘက်မှာဒစ်ဂျစ်တယ်ပစ္စည်းတွေဆီကအလင်းနဲ့ထိတွေ့မှုနဲ့ အအိပ်နောက်ကျမှု ပေါင်းလိုက်ရင် အိပ်စက်ခြင်းအတွက် ပြဿနာရှိလာစေပါတယ်။ ဖုန်း သို့မဟုတ် လပ်တော့ဆီက အပြာရောင်အလင်းနဲ့ထိတွေ့မှု ကြောင့်ဖြစ်လာတဲ့ melatonin suppression နဲ့အိပ်ရာဝင်ချိန်လုပ်နေကျအကျင့်တွေ(စာဖတ်ခြင်း၊သွားတိုက်ခြင်းစသည်) ကြောင့် ဦးနှောက်ကို အိပ်စက်ခြင်းဘက်ဦးလှည့်မရအောင် ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းက ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အလုပ်လုပ်နိုင်ဖို့စွမ်းဆောင် ရည်ကျဆင်းစေခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

(၉) ရေခဲသေတ္တာ ကို ရှင်းပါ

ရေခဲသေတ္တာထဲမှာ သို့မဟုတ် မီးဖိုချောင်က ကြောင်အိမ်ထဲမှာ ကယ်လိုရီများ၊ အဆီများ၊ အချိုများတဲ့အစားအစာတွေ ထည့်မထား၇င် သင်လည်းစားမိစရာအကြောင်းမရှိပါဘူး။ လုပ်ရမှာကရှင်းပါတယ်။ ရေခဲသေတ္တာထဲမှာ အဲဒါတွေအစား လတ်ဆတ်တဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်းစာတွေနဲ့ ကျန်းမာရေးနဲ့ညီတဲ့သရေစာမုန့်တွေထားလိုက်ရင် ပြီးတာပါပဲ။

(၁၀) မီးဖိုချောင်ကို ခဏခဏမဝင်ပါနဲ့

အိမ်အလုပ်ခန်းထဲကို ယူမယ့် အစားအသောက်တွေကို လိုအပ်သလောက်ကိုပဲ သေချာစီစဉ် တွက်ချက်ထားပါ။ တတ်နိုင်သလောက် မိးဖိုချောင်ခဏခဏဝင်ခြင်းကိုရှောင်ပါ။ အလုပ်လုပ်နေတဲ့နေရာကို မုန့်တွေ၊ထမင်းဟင်းတွေ တခါတည်းတွက်ယူပြီး စားပါ။ဒါမှ တစ်နေ့လုံး မီးဖိုခန်းကို အကြိမ်ကြိမ်ဝင်ထွက်စားသောက်မိနေတာမျိုး မဖြစ်စေတော့အောင်ပါ။

(၁၁) မကြာခဏရေသောက်ပါ

တစ်နေ့တာလုံး ရေ သို့မဟုတ် ရေနွေးကြမ်း သောက်သောက်ပေးတာက ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေတဲ့အပြင် ဗိုက်ပြည့်သလိုခံစားရစေတာကြောင့် တခြားမလိုအပ်တဲ့ ကယ်လိုရီတွေကို မစားမိတော့ပါဘူး။

အိမ်မှာအလုပ်လုပ်ပြီး ကျန်းမာရေးနဲ့ညီအောင်စားသောက်ရတာက ငြီးငွေ့စရာအလုပ်လို့ မြင်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ပိုချုပ်တည်းပြီး ဂရုစိုက်မယ်ဆိုရင် အလုပ်စွမ်းဆောင်ရည်အတွက် တင်မကဘဲ မိသားစုနဲ့နေထိုင်ရတဲ့ပျော်ရွှင်မှု၊ ကျန်းမာမှုအတွက်ပျော်ရွှင်မှုတို့နဲ့ ပြည့်စုံစေမှာဖြစ်ပါတယ်။

ဆောင်းပါးအား hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly