၉/၁၁တွင် ဆန္ဒပြမည်ဆိုသော ကောလာဟလများကိုမယုံရန် အမျိုးသားရေးအင်အားစုများနှင့် အစ္စလာမ်အသိုင်းအဝိုင်းက တိုက်တွန်း

၉/၁၁တွင် ဆန္ဒပြမည်ဆိုသော ကောလာဟလများကိုမယုံရန် အမျိုးသားရေးအင်အားစုများနှင့် အစ္စလာမ်အသိုင်းအဝိုင်းက တိုက်တွန်း
ဓာတ်ပုံ-သူရ
 

ရန်ကုန် စက်တင်ဘာ ၇ ။       ။ စက်တင်ဘာ ၁၁ရက်တွင် ဆန္ဒပြမည်ဆိုသော သတင်းများမှာ ကောလာဟလများသာ ဖြစ်ကြောင်း အမျိုးသားရေးအင်အားစု များနှင့် အစ္စလာမ်အသိုင်းအဝိုင်းက မဇ္ဈိမကိုပြောသည်။

ယခုသီတင်းပတ်အတွင်း အမျိုးသားရေးအင်အားစုများက ၁၁ရက်နေ့တွင် ဆန္ဒပြမည်ဟု  အစ္စလာမ်အသိုင်းအဝိုင်းအတွင်း သတင်းများ ထွက်ပေါ်နေသလို တဘက်တွင်လည်း အစ္စလာမ်ဘာသာဝင်များက ဆန္ဒပြမည်ဟု အမျိုးသားရေးအင်အားစုများကြားတွင် သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်ဘက်ကမှ ဆန္ဒပြရန် အစီအစဉ်မရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ယခုအချိန်မှာ စည်းလုံးညီညွှတ်မှုကို ပိုမိုပြသရမည့် အချိန်ဖြစ်သည်ဟုလည်း မြန်မာမွတ်စ်လင်မ် လူငယ်အဖွဲ့ တွဲလက်မြန်မာ မှ ဒါရိုက်တာတစ်ဦးက ပြောသည်။

“ဒီအချိန်က မတူကွဲပြားမှုတွေရဲ့ ပေါင်းစည်းမှုနဲ့အင်အားကို ပိုပြရမယ့်အချိန်ဗျ။ ကျနော်တို့ ပိုပြီးစည်းလုံးရမယ်။ ၁၁ရက်နေ့မှာ အမျိုးသားရေးသမားတွေ ဆန္ဒပြမယ်ဆိုတဲ့ကောလဟလတွေ ကို နယ်တွေမှာလည်းကြားရတယ်။ တကယ်တမ်း စုံစမ်းကြည့်တော့ မဟုတ်ဘူး။ ကြားထဲကနေ လူမှုကွန်ယက်ကို သုံးပြီး ကောလဟလတွေနဲ့ သွေးခွဲနေတာ။ ပြသနာတက်အောင်လုပ်နေတာ။ ဘယ်သူတွေက သွေးခွဲနေတာလည်းတော့ မသိဘူး။ အဲလို ကောလဟလတွေ တက်လာတော့ စိုးရိမ်မှုတွေလည်း တက်လာတာပေါ့။ အဲတာကိုကျွန်တော်တို့က ပွင့်လင်းမြင်သာတဲ့ စည်းလုံးမှုနဲ့ ကာကွယ်ရမယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြောရရင် ပြည်ပက တိုက်ခိုက်မှုတွေကိုရော ပြည်တွင်းက သွေးခွဲမှုတွေကိုရော ကျနော်တို့ ဆန့်ကျင်သွားမှာပါ။ နောက်ပြီး ဒီအချိန်မှာ နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးစဉ်းစားတဲ့ အင်အားစုတွေကို ကျွန်တော်တို့ လေးစားပါတယ်”   ဟု တွဲလက်မြန်မာ မှ ဒါရိုက်တာ ဦးအောင်ကိုကိုက မဇ္ဈိမကို ပြောသည်။

အမျိုးသားရေးဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူကလည်း စက်တင်ဘာ ၁၁ ရက်တွင် အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမည်ဆိုသော ကောလာဟလများကို ကြားရကြောင်း ၊အမျိုးသားရေးအင်အားစုများအနေဖြင့် ဆန္ဒပြမည်ဆိုသော ကောလာဟလများမှာလည်း မဟုတ်မှန်ကြောင်း အနီးနေတပည့်တစ်ဦးမှတဆင့် မဇ္ဈိမကို မိန့်ကြားသည်။

လက်ရှိအချိန်မှာ ယုံကြည်မှုတည်ဆောက်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်းနှင့် အဆိုပါအခွင့်အရေးကို လက်လွှတ်မခံ သင့်ကြောင်းလည်း ဦးဝီရသူက မိန့်ကြားသည်။

“မွတ်စ်လင်မ်အဖွဲ့ချုပ်ကြီးရယ်။ အမှတ် ၁ မွတ်စ်လင်မ်တွေရယ်။ အကြမ်းဖက်မှုကို ရှုတ်ချခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပဲ။ အခွင့်ကောင်းကို လက်မလွတ်စေနဲ့ “ဟု ထပ်မံမိန့်ကြားသည်။

အမှတ်၁ မွတ်စ်လင်မ်ဆိုသည်မှာ မြန်မာ့လူ့အဖွဲ့အစည်းနှင့် ဟန်ချက်ညီသော မြန်မာနိုင်ငံသား မွတ်စ်လင်မ်များကို ဆိုလိုသည်ဟုလည်း မိန့်သည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ယခုပြဿနာမှာ အချုပ်အချာအာဏာ ပြသနာဖြစ်ကြောင်း၊ လူမျိုးရေးဘာသာရေးပြဿနာမဟုတ်ကြောင်း၊ တရားမဝင် ဝင်ရောက်လာသည့် အစွန်းရောက်များကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ရှေ့တန်းတွင်တိုက်ခိုက်နေရချိန် ပြည်သူများက နောက်တန်းတွင် ငြိမ်ငြိမ်နေသင့်ကြောင်း၊ကောလာဟလများကို ရဟန်းရှင်လူပြည်သူတရပ်လုံးက စည်းစည်းလုံးလုံးဖြင့်တွန်းလှန်သင့်ကြောင်းနှင့် ကောလာဟလ ဖြန့်ဝေသူများကို ပူးပေါင်းဖေါ်ထုတ်ရမည် ဖြစ်ကြောင်း ပြောသည်။

မဘသအဖွဲ့မှ အမည်ပြောင်းဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက ကလည်း  ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအနေဖြင့် ဆန္ဒပြရန် အစီအစဉ် မရှိကြောင်း၊ပြည်သူများအနေဖြင့် ထွက်ပေါ်နေသော ကောလာဟလများကို မယုံသင့်ကြောင်းနှင့် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး သတိရှိရန်သာ လိုကြောင်း မိန့်ကြားသည်။

ပြီးခဲ့သည့်လ ၂၅ရက်က စတင်ပြီး မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ခဲ့သလို မြန်မာမွတ်စ်လင်မ်အဖွဲ့အစည်းများ ဖြစ်သော တွဲလက်မြန်မာနှင့် ရွေးလက်ယာအဖွဲ့တို့ကလည်း ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required