နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲခံရသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ပြန်လွှတ်ရန် HRW တိုက်တွန်း

နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲခံရသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ကို ပြန်လွှတ်ရန် HRW တိုက်တွန်း

 

ဖနွမ်းပင်၊ စက်တင်ဘာ ၇ ။            ။ ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၃၀ အထိ ချမှတ်ခံရနိုင်သည့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲခံနေရသည့် အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါအား   ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်းလိုက်သည်။

စက်တင်ဘာ ၃ ရက်က ကမ်ဆိုခါအား ဖမ်းဆီးလိုက်ခြင်းသည် နိုင်ငံ၏ အဓိက အတိုက်အခံပါတီအား ထိုးနှက် လိုက်ခြင်းပဲဖြစ်ကာ ၂၀၁၈ ဇူလိုင်လ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ယင်းပါတီ၏ ခေါင်းဆောင်ကို ရှင်းလင်းခြင်းလည်း ဖြစ်သည်။

“နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကမ္ဘောဒီးယားအစိုးရဟာ ကမ်ဆိုခါကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမှုဆင်တာပဲဖြစ်တယ်။ ၂၀၁၈ ရွေးကောက်ပွဲမဲဆွယ်လို့ မရအောင် လုပ်တာပဲ။”ဟု HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ်ရော်ဘတ်ဆန်က ပြောသည်။

စက်တင်ဘာ ၅ ရက်တွင် ဖနွမ်းပင် တရားရုံးတစ်ရုံးက ကမ်ဆိုခါအား ပြည်ပအားကိုးကာ နိုင်ငံတော်အား သစ္စာဖောက်မှု ကျူးလွန်သည်ဆိုကာ တရားဝင်အမှုဖွင့် စစ်ဆေးခြင်းဖြစ်သည်။

နိုင်ငံအား ၁၉၈၅ ခုနှစ်မှစကာ လက်ရှိအထိ အုပ်ချုပ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းထံမှ အာဏာကို ရယူနိုင်ရေးအတွက် အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါသည် အမေရိကန်၏   ကျောထောက်နောက်ခံကို ယူကာ နိုင်ငံတော်အား သစ္စာဖောက်နေသည်ဟု လူသိရှင်ကြား စွပ်စွဲပြောဆိုထားသည်။

“ကမ်ဆိုခါကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲတာဟာ ကမ္ဘောဒီးယားက လူ့အခွင့်အရေးကို ပျက်စီးစေရုံမကဘူး နိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီ ဖွံ့ဖြိုးရေး မျှော်လင့်ချက်ကိုလည်း ပျက်ပြားစေလိမ့်မယ်။”ဟု ရောဘတ်ဆန်က ပြောခဲ့သည်။

“အစိုးရက တရားစီရင်ရေးစနစ်ကို ကြိုးကိုင်ပြီး နိုင်ငံရေး ဖက်ပြိုင်မှုတွေ ဆိတ်သုဉ်းအောင် ပြုလုပ်လာတာပဲ။”ဟုလည်း ၎င်းက ပြောသည်။

ကမ္ဘောဒီးယားအစိုးရသည် ဝါရှင်တန်အခြေစိုက် အကျိုးအမြတ်မမျှော်သော အမျိုးသား ဒီမိုကရက်တစ် အသင်း ရုံးများနှင့် ရေဒီယို အသံလွှင့်ရုံ ၁၉ ခုအပြင် Cambodia Daily သတင်းစာတို့ကိုပါ ပိတ်သိမ်းပစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags