မန္တလေး-မိုးကုတ်ကားလမ်း နှင့် လမ်းဘေးရှိ ကျေးရွာနှစ်ရွာ ရေကျော်ပြီး နေအိမ် ၅၈ လုံး မျောပါ

မန္တလေး-မိုးကုတ်ကားလမ်း နှင့် လမ်းဘေးရှိ ကျေးရွာနှစ်ရွာ ရေကျော်ပြီး နေအိမ် ၅၈ လုံး မျောပါ
ဓာတ်ပုံ ကိုကျော်စွာဦး
ဓာတ်ပုံ- ကိုအောင်နိုင်

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ ရပ်ကွက် နှင့် ကျေးရွာတစ်ချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၆ ရက် နံနက် ၄ နာရီကျော်မှစတင်၍ မန္တလေး-မိုးကုတ်ကားလမ်း နှင့် လမ်းဘေးရှိ ကျေးရွာနှစ်ရွာ ရေကျော် ရေဝင်ရောက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါတောင်ကျချောင်းရေသည် ၁၀ နှစ်ကျော်အတွင်း စံချိန်တင်ရေကြီးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

'' ခါတိုင်း တောင်ကျရေလာပေမယ့် အပျက်အစီးမရှိခဲ့ပေမယ့် အခုကျတော့ အပျက်အစီးတွေ ဆုံးရှုံးမှုတွေ ရှိလာပါတယ်၊ တဲအိမ် ၃လုံး ရေထဲ မျောပါသွားတာ မြင်ခဲ့ရတယ်၊ နောက်ထပ် ငါးလုံး ရေထဲ ထပ်ပါသွားတယ် လို့ ကြားမိပါတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာရယ်၊ လူနေအိမ်တွေ ချဲ့ထွင်တာကြောင့် ရေနုတ်မြောင်း တွေ ပျက်စီးပြီး ရေစီးရေလာမကောင်းလို့ အခုလို နှစ်ပေါင်း (၁၀)နှစ်ကျော်မှ စံချိန်တင် ရေကြီးတာပါ၊ ရေကြီးတာက လူပရောဂ မကင်းဘူးလို့ ယူဆပါတယ်၊ ကျည်တောက်ပေါက် ကျေးရွာရဲ့ အထက် တစ်ဖာလုံခွဲ အကွာက ကုန်းမြင့်ပိုင်းမှာ ရှိတဲ့ ရွှေတူးဖော်ရေကွင်းတွေရဲ့ စွန့်ပစ်ရေလှောင်ကန်တစ်ခု ရှိတယ်၊ အဲ့ကန်က (၁၀)ဧက အထက်မှာရှိတယ်၊ မိုးများပြီး တောင်ကျချောင်းရေ ကျသလို အဲဒီ စွန့်ပစ်ရေလှောင်ကန် ကျိုးသွားလို့ အခုလို ဆိုးဆိုးဝါးဝါး ရေကျော် ရေဝင်ရောက်ဖြစ်ပါတယ် '' ဟု စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ ဦးကျော်စွာဦးက ပြောသည်။

မန္တလေး-မိုးကုတ်လမ်းဘေးရှိ ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက် ကျေးရွာ နှင့် နွယ်ရုံကျေးရွာတို့တွင် မနက်ပိုင်းက ရုတ်တရက် ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသရှိ ပြည်သူများ ပစ္စည်းသိမ်းချိန်မရဘဲ ထွက်ပြေးခဲ့ရကြောင်း၊ ကျည်တောက်ပေါက်ကျေးရွာ ရပ်ကွက်(၂)ရှိ တဲအိမ်သုံးလုံး ရေမျောသွားခဲ့သည်။

ထို့ပြင် ကျည်တောက်ပေါက်ကျေးရွာ အစွန်းရှိ တဲအိမ်တစ်ချို့ ရေမျောကာ ဆိုင်ခန်း(၂၀၀)ရှိ ကျည်တောက်ပေါက်ရွာဈေး ရေနစ်မြုပ်ခဲ့ကြောင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု   ဒေသခံများက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ နေအိမ် ၅၈ လုံး မျောပါခဲ့သည်ဟု အတည်ပြုခဲ့သည်။

'' နေအိမ်(၅၈)လုံး မျောပါ ပျက်စီးခဲ့တယ်၊ လူဦးရေ ၂၇၄ ဦး ရေဘေးဒုက္ခဖြစ်ခဲ့တယ်၊ ကျပ်သိန်းပေါင်း (၆၅၆)သိန်း ဆုံးရှုံးခဲ့တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ် ဒေသတွင်း လူမှုအဖွဲ့တွေ ပေါင်းပြီး ထမင်းထုပ်တွေ ဝေပေးနေပါတယ်၊ တစ်အိမ်ထောင်ကို ရေသန့်ဆေးထုပ် (၂၈)ထုပ် နှစ်ပတ်စာ ထုတ်ပေးထားပါတယ်၊ သဘာဝဘေးတုန့်ပြန်အဖွဲ့က ခေါက်ဆွဲခြောက်နဲ့ ရေသန့်ကို လက်တလော ဝေပေးထားခဲ့တယ်၊ မနက်ဖြန် အိမ်တစ်အိမ်ကို တစ်သိန်းနှုန်းနဲ့ (၅၈)သိန်း ထောက်ပံ့သွားပါမယ်၊ တစ်အိမ်ထောင်ကို ပစ္စည်း ၁၉မျိုးပါ ထောက်ပံ့ပစ္စည်းတွေလဲပေးအပ်သွားမှာပါ၊ လူတစ်ဦးကို ဆန်ရိက္ခာ (၇)ရက် ထောက်ပံ့ပေးသွားအုန်းမှာပါ ''ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

မန္တလေး-မိုးကုတ်လမ်း နှင့် ရှာက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက် ကျေးရွာ နှင့် နွယ်ရုံကျေးရွာတို့တွင် နေ့လည်(၁)နာရီမှစတင်၍ ရေများ ကျသွားကြောင်း သိရသည်။

ရေကျချိန် မန္တလေး-မိုးကုတ်လမ်းပေါ်တွင် ပြိုလဲနေသော သစ်ပင်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ရှင်းလင်းရေး   ဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ နှင့် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှု စာရင်းကောက်ခြင်းများပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly