အိန္ဒိယ၏ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းအတွင်း မြန်မာနိုင်ငံသား ၁၀၀၀၀ အထိ လာရောက်ရန် မျှော်မှန်း

အိန္ဒိယ၏ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းအတွင်း မြန်မာနိုင်ငံသား ၁၀၀၀၀ အထိ လာရောက်ရန် မျှော်မှန်း
 
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အိန္ဒိယနိုင်ငံသို့ လာရောက်မည့် မြန်မာများအတွက် Visa- ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ် နာဟင်ဒရာ မိုဒီက ယနေ့မနက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကြေငြာခဲ့သည်။

ယင်းကြေငြာချက်ကြောင့် မြန်မာပြည်မှ ကျန်းမာရေးကုသမှုခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ကြမည့် လူဦးရေပေါင်း တစ်နှစ်ကို ၁၀၀၀၀ အထိ တိုးတက်ရန် မျှော်မှန်းကြောင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော 4R Consultancy ၏ အုပ်ချုပ်မှုဒါရိုက်တာ ရာဗန်ဒရာ ဂျိန်က မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ ဝန်ကြီးချုပ်ရဲ့ ကြေငြာချက်ကြောင့် ခရီးသွားလုပ်ငန်းတိုးတက်လာပြီး အထူးသဖြင့် အိန္ဒိယကို မြန်မာကနေ ကျန်းမာရေးကုသမှုဝန်ဆောင်မှုတွေယူမယ့် မြန်မာပြည်သူအရေအတွက် တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ရာဗန်ဒရာက ပြောသည်။

ဝန်ကြီးချုပ် မိုဒီ၏ ဗီဇာကင်းလွတ်ကြောင်း ကြေငြာချက်တွင် ရက်ပေါင်း မည်မျှအထိ ပေးမည်ဆိုခြင်းကို မတွေ့ရပေ။

 ရာဗန်ဒရာက လက်ရှိအချိန်တွင် မြန်မာပြည်မှ အိန္ဒိယသို့ ဆေးကုသစောင့်ရှောက်မှုအတွက် လာရောက်လည်ပတ်သော အရေအတွက်သည် တစ်နှစ်ကို ၃၀၀၀ ခန့်ရှိပြီး ဗီဇာကင်းလွတ်ခြင်း ရှိလာမည်ဆိုပါက တစ်နှစ်ကို မြန်မာနိုင်ငံသား ၁၀၀၀၀ အထိ တိုးတက်လာဖွယ်ရှိကြောင်း ပြောသည်။

ရာဗန်ဒရာက “မြန်မာပြည်ကနေ ဆေးကုသမှုအတွက် ပြည်ပကို သွားတာ တစ်နှစ်ကို သုံးသိန်း (၃၀၀၀၀၀) လောက် ရှိတယ်၊ အဲဒီထဲက အိန္ဒိယကို လာတာ သုံးထောင် (၃၀၀၀) လောက်ဆိုတော့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဗျ”ဟု ဆိုသည်။

မြန်မာနိုင်ငံသားများအနေနှင့် ဆေးကုသမှုအတွက် သွားရောက်ရာတွင် အိန္ဒိယ၌ အနည်းဆုံး သီတင်း ၂ ပတ်ခန့်အထိ နေထိုင်ကြပြီး အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ဒေါ်လာ ၇၀၀၀ အကြား သုံးစွဲကြသည်ဟု 4R Consultancy ၏ အုပ်ချုပ်မှုဒါရိုက်တာ ရာဗန်ဒရာ ဂျိန် က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုနှင့် အကြံပေးဝန်ဆောင်မှုများ လုပ်ကိုင်နေသော ကုမ္ပဏီ ၄ ခုရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ စက်တာဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ် နာဟင်ဒရာ မိုဒီသည် နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံထားပြီး ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် အများပြည်သူသို့ မိန့်ခွန်းပြောဆိုမည်ဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မနက်က နေပြည်တော်တွင် တွေ့ဆုံမှုအပြီးတွင် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်တို့နှင့် စပ်လျဉ်းသော သဘောတူ နားလည်မှုစာချွန်လွှာ-MOU အပါအဝင် MOU ၁၀ ခုကို နှစ်နိုင်ငံခေါင်းဆောင်များရှေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly