အိမ်ရှေ့မင်းသားဟယ်ရီနှင့် သူမတို့၏အချစ်ရေးကို မီဂန်မာကယ် ထုတ်ဖော်ပြောကြား

အိမ်ရှေ့မင်းသားဟယ်ရီနှင့် သူမတို့၏အချစ်ရေးကို မီဂန်မာကယ် ထုတ်ဖော်ပြောကြား

 

ဗြိတိန်အိမ်ရှေ့စံမင်းသား ဟယ်ရီ၏ချစ်သူဖြစ်သော အမေရိကန်မင်းသမီးမီဂန်မာကယ်က သူမတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အလွန်ချစ်ကြောင်းနှင့် သာယာပျော်ရွှင်နေကြောင်း   ပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်ကတည်းက ချစ်သူများအဖြစ် လက်တွဲခဲ့ကြသည် သူတို့စုံတွဲ၏အချစ်ရေးကို မီဂန်မာကယ်က ပထမဦးဆုံးအကြိမ်အဖြစ် ယခုလိုပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောအင်္ဂါနေ့က Vanity Fair မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် မာကယ်က သူမနှင့်ဟယ်ရီ တို့သည် ပြီးခဲ့သောနှစ်ဇူလိုင်လက စတင်လက်တွဲခဲ့ကြောင်းနှင့် ဟယ်ရီ့ကို သူမ၏သူငယ်ချင်းများမှတဆင့် စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်မတို့ဟာ ချစ်သူတွေပါ။ ကျွန်မတို့ တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြပါတယ်။ တစ်ချိန်ချိန်ကျရင် အားလုံးရဲ့ရှေ့မှာ ကျွန်မတို့ရဲ့ဇာတ်လမ်းကို ထုတ်ဖော်ပြောကြားရမယ်ဆိုတာ သိပြီးသားပါ။ ကျွန်မတို့နှစ်ဦးတည်းသိတဲ့ ဇာတ်လမ်း လေးပါ။ ကျွန်မတို့ သာယာကြည်နူးကြရပါတယ်။ ပြီးတော့ ကျွန်မရဲ့သဘောအရဆိုရင် ကြီးကျယ်ခမ်းနားတဲ့ ချစ်ပုံပြင်တွေကို ကျွန်မနှစ်သက်ပါတယ်” ဟု မာကယ်က ဖြေကြားခဲ့သည်။

ထီးနန်းဆက်ခံမည့်ချားလ်မင်းသားနှင့် မင်းသမီးဒိုင်ယာနာတို့၏ အငယ်ဆုံးသားဖြစ်သော အသက် ၃၂နှစ် အရွယ် ဟယ်ရီနှင့် သူမတို့၏ဆက်ဆံရေးကို ပြီးခဲ့သောနှစ် နိုဝင်ဘာလရောက်မှသာ လူအားလုံးသိရှိခဲ့ရခြင်း ဖြစ်ပြီး အကြောင်းရင်းမှာ ဟယ်ရီသည် သူ၏ ၃၆နှစ်အရွယ်ချစ်သူ မာကယ်နှင့် သူမ၏မိသားစုများကို မီဒီယာများ၏ နှောင့်ယှက်ခြင်းမှ ကင်းဝေးစေရန်အတွက် သိုသိုဝှက်ဝှက် နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းသားဟယ်ရီသည် မီဒီယာများနှင့် အလျဉ်းမသင့်သူဖြစ်ပြီး ပြီးခဲ့သော ၂၀၁၂ခုနှစ်က လန်ဒန်မြို့ပြင်ရှိ နိုက်ကလပ်တစ်ခုတွင် ပါပါရာဇီများနှင့် အချေအတင်ဖြစ်ပွားခဲ့ပုံများနှင့် လာ့စ်ဗီးဂတ်စ်မြို့ရှိ သီးသန့်အခန်းတစ်ခုထဲတွင် ဝတ်လစ်စလစ်နှင့် ပါတီပေးနေပြီး ဘိလက်ယက်ထိုးနေပုံများအား သတင်းစာများ၌ ဖော်ပြခံခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly