အကြမ်းဖက်မှုကို အတူတကွ တိုက်ဖျက်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ ကတိပြု

အကြမ်းဖက်မှုကို အတူတကွ တိုက်ဖျက်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ ကတိပြု

စက်တင်ဘာ ၆ ။           ။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာ ၆ ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ခေါင်ဆောင်နှစ်ဦး တွေ့ဆုံစဉ် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကိစ္စ၊ အိန္ဒိယမှာ မြန်မာကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရပ်တွေ   လေ့ကျင့်သင်ကြားပေးရေးကိစ္စ စတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

" တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းမိတ်ဆွေတစ်ဦးနဲ့ တွေ့ဆုံခြင်း၊ ဝန်ကြီးချုပ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်" ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Raveesh Kumar က တွစ်တာမှာ ရေးသားထားပါတယ်။

လက်ရှိကာလမှာ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ရှိနေသည့်ကာလမှာပဲ ယခုလို အိန္ဒိယဝန်ကြီးချုပ် မိုဒီ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယသတင်းရင်းမြစ်တွေအရ ဝန်ကြီးချုပ်မိုဒီဟာ အကြမ်းဖက်ချိတ်ဆက်မှု၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှုတွေအပါအဝင် ဘင်္ဂလီပြဿနာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလီ ရွှေ့ပြောင်းသွားလာသူတွေနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရက စိုးရိမ်ပူပန်နေလျက်ရှိပြီး နိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ ဘင်္ဂလီ ၄၀,၀၀၀ ကို နယ်နှင်ဖို့ ဒေလီ အစိုးရဘက်က စဉ်းစားနေတယ်ဆိုပြီး ပြည်ထဲရေးဒုဝန်ကြီး Khiren Rijjuju က မကြာသေးမီက ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly