မြန်မာပရိသတ်များအသင်းကို ဖိအားပေးမှုများမပြုလုပ်ပဲ အားပေးသင့်သည်ဟု ယူ-၁၈နည်းပြဆို

မြန်မာပရိသတ်များအသင်းကို ဖိအားပေးမှုများမပြုလုပ်ပဲ အားပေးသင့်သည်ဟု ယူ-၁၈နည်းပြဆို

 

စက်တင်ဘာ ၆၊ ရန်ကုန်။               ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော အာဆီယံယူ-၁၈ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု(ခ) အဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ၂ - ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပရိသတ်များက မြန်မာအသင်းကို ကွင်းအတွင်းလှောင်ပြောင် အော်ဟစ်ခဲ့မှုများနှင့်ပတ်သက်ပြီး အသင်းကို ဖိအားမပေးပဲ ဆက်လက်အားပေးရန် နည်းပြချုပ် ဘန်လာဘီကတောင်းဆိုခဲ့သည်။

မြန်မာယူ-၁၈အသင်းမှာ ပြိုင်ပွဲအကြိုခြေစမ်းပွဲများတွင် ထိုင်းယူ-၁၈အသင်းကိုအနိုင်ရပြီး အင်တာမီလန်ယူ-၁၈အသင်းကို တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ထွက်ပေါ်အောင်ကစားနိုင်ခဲ့သော်လည်း ပြိုင်ပွဲအဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့သလို ခြေစွမ်းပြသနိုင်ခြင်းလည်း မရှိခဲ့ပေ။

အသင်းရဲ့ကစားပုံကအတော်ဆိုးရွားခဲ့ပါတယ်။ ကစားသမားတွေ ကျွန်တော်မှာထားသလို မကစားနိုင်ခဲ့ဘူး။

ပရိသတ်တွေကို ပြောချင်တာက ပွဲအပြီးမှာ ပြစ်တင်အော်ဟစ်နေတာ တွေ့ရတယ်။ မြန်မာလိုတော့ ကျွန်တော်နားမလည်ဘူး။ ဒါပေမယ့် ကစားသမားတွေက အသက် ၂၅ဝန်းကျင်အရွယ်တွေ မဟုတ်ပါဘူး။ ဖိအားပေးတာမျိုးမဟုတ်ပဲ အားပေးစေချင်ပါတယ်။ ဟု ဘန်လာဘီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာယူ-၁၈အသင်းမှာ အာဆီယံယူ-၁၈ချန်ပီယံရှစ်အုပ်စု(ခ)တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ရှုံးခဲ့သဖြင့် အုပ်စုတက်ရန် လက်ကျန်ပွဲများတွင် ရုန်းကန်ရမည်ဖြစ်သည်။

မြန်မာအသင်းမှာ အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၉ ရက်တွင် ဘရူနိုင်းအသင်းနှင့်ကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly