ရခိုင်ကိစ္စ နောက်ကွယ်မှာ ပါကစ္စတန် ISI နဲ့ အကြမ်းဖက်အုပ်စု ISIS တို့ ရှိနေဟုဆို

ရခိုင်ကိစ္စ နောက်ကွယ်မှာ ပါကစ္စတန် ISI နဲ့ အကြမ်းဖက်အုပ်စု ISIS တို့ ရှိနေဟုဆို

စက်တင်ဘာ ၅ ။            ။ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အရှုပ်အထွေး ကိစ္စတွေထဲမှာ ISIS အကြမ်းဖက်အဖွဲ့နဲ့ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ ISI တို့ ပါဝင်ပတ်သက်မှု ရှိထားတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေက ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ နဲ့ ၂၄ ရက်တို့မှာ ARSA အဖွဲ့ရဲ့ စစ်ရေးတပ်ခွဲမှူးချုပ် Hafiz Tohar ရဲ့ ဖုန်းခေါ်ဆို ဖြေကြားမှုသုံးကြိမ်ကို ကြားဖြတ်ဖမ်းယူထားခဲ့တယ်ဆိုပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်   ထောက်လှမ်းရေးတွေက ပြောပါတယ်။ ဒါဟာ မြန်မာလုံခြုံရေးတပ်တွေကို မနက်အာရုံတက်ချိန်မှာ စစ်သွေးကြွအဖွဲ့ဘက်က တစ်ပြိုင်နက်တည်း ဘာကြောင့်ဝင်ရောက် တိုက်ခိုက်ခဲ့ရတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဓိက အဖြေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ပါကစ္စတန်မှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ LET ဆီမှာ သင်တန်းတက်ခဲ့တဲ့ Hafiz Tohar ဟာဆိုရင် Aqa Mul Mujahideen (AMM) အဖွဲ့ကို ထူထောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီမတိုင်ခင်တုန်းက ၎င်းကို ပါကစ္စတန်အကြမ်းဖက်အဖွဲ့ Harkat ul Jihad al Islami -Arakan (HUJI-A) ရဲ့ ခေါင်းဆောင် Abdul Qadoos Burmi  က ၂၀၁၄ ခုနှစ်က မောင်တောမြို့   ကျောက်ပြင်ဆိပ် ကျေးရွာကနေ   ခေါ်ယူခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နွေရာသီမှာ ထူထောင်ခဲ့တဲ့ ARSA အဖွဲ့မှာ သူလည်း ပါဝင်ပူးပေါင်းခဲ့ပြီး သူ့ကိုတော့ ယမန်နှစ် အောက်တိုဘာ ၉-၁၀ နဲ့ ယခုနှစ် သြဂုတ် ၂၅ မြန်မာလုံခြုံရေးတပ်တွေ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ ရှိနေသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားလျက်ရှိပါတယ်။

ပါကစ္စတန်မှာ AMM မှာ အစပိုင်း လူသစ်အနည်းငယ်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးနောက်မှာတော့ တပ်သားသစ်တွေကို ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားနယ်က ဒုက္ခသည်စခန်းတွေဆီက ဘင်္ဂလီလူငယ်ထုထဲကနေ ခေါ်ယူစုဆောင်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

ယင်းနောက်မှာတော့  ၎င်းတပ်သားသစ်တွေကို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ ရှိတဲ့ ကမ့်စခန်းတွေမှာ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တာင်ကုန်းဒေသ Naikhongcherri က ရှိတဲ့ စခန်းတစ်ခုမှာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

LET အဖွဲ့နဲ့အတူ ပုန်းလျှိုးကွယ်လျှိုး စစ်ဆင်ရေးထမ်းဆောင်ဖို့ ကိုယ်စားလှယ်စေလွှတ်ခံထားရတဲ့ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ ISI က ဗိုလ်မှူးတစ်ဦးကတော့ ဒီ ၂၀၁၆ ဧပြီ-မေ လေ့ကျင့်သင်ကြားမှုတွေအတွက် တာဝန်ရှိနေသူဖြစ်ပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်အဖွဲ့ JMB က တက်ကြွလှုပ်ရှားသူ ၆၃ ဦးနဲ့ ARSA တက်ကြွလှုပ်ရှားသူ ၈၈ ဦးတို့ကို ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီနဲ့ မေလအကြားမှာ Naikhongcherri အခြေစိုက်စခန်းမှာ လေ့ကျင့်သင်ကြးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအဖွဲ့က JMB တက်ကြွလှုပ်ရှားသူနှစ်ဦးကို စစ်ဆေးခဲ့ရာမှာ ဖော်ထုတ် တွေ့ရှိခဲ့ရပါတယ်။

ယင်း အခြေစိုက်စခန်းကို မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာမှာတော့ JMB သူပုန်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ ၎င်းတို့ စစ်မေးခဲ့ရာမှာတော့ ဒီအခြေစိုက်စခန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝန်ခံအတည်ပြုသွားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအဖွဲ့က JMB ထိပ်တန်းခေါင်းဆောင် Abul Kashem ဆီကနေ မေးမြန်းသတင်းရရှိထားတဲ့ အတိုင်းပဲ JMB နဲ့ ARSA တို့အကြားက ပူးတွဲလေ့ကျင့်ရေး တာဝန်ကို ISI တို့က လုပ်ဆောင်ခဲ့တာဆိုတာကိုပါ အတည်ပြုသွားခဲ့ပါတယ်။ Abul Kashem က ဖွင့်ထုတ်တဲ့ သတင်းပေးချက်ကြောင့် ယင်းပုန်းခိုစခန်းကို ပြီးခဲ့တဲ့ သုံးလအကြာကပဲ ဝင်စီးခဲ့ပါတယ်။

ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာ ISI အဖွဲ့က ဗိုလ်မှူးချုပ် Ashfaq ၊ ဗိုလ်မှူး Salamat တို့ရဲ့ ဖုန်းနံပါတ်တွေ၊ အီရတ်မှာ ရှိတဲ့ ISIS လူသစ်စုဆောင်းသူတစ်ဦးရဲ့ ဖုန်းနံပါတ်တွေ ပါဝင်နေပါတယ်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတွေအနေနဲ့ ဒီဖုန်းနံပါတ်တွေကို အမြဲ စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းစောင့်ကြည့်နေခဲ့ပြီး ယင်းတို့ကို အိန္ဒိယ RAW ထောက်လှမ်းရေးအဖွဲ့ ဆီကိုပါ လက်ဆင့်ကမ်းပေးအပ်ထားခဲ့ပါတယ်။ ယင်း အဖွဲ့ကတော့ ဒေသတွင်း ပေါက်ရောက်မှုအားကောင်းတဲ့ ထောက်လှမ်းရေးအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Ashfaq ဟာဆိုရင် ISI ရဲ့ အရှေ့ပိုင်းဒေသ စစ်ဆင်ရေးတွေအတွက် တာဝန်ယူထားသူဖြစ်ပြီး သူဟာ မကြာသေးမီက BNP ပါတီခေါင်းဆောင်၊ ယခင်ဝန်ကြီးချုပ်ဟောင်း Khaleda Zia နဲ့ သူမရဲ့ သား Tarque တို့နဲ့ပါ တွေ့ဆုံထားခဲ့ပါတယ်။ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် မီဒီယာတွေရဲ့ ဖော်ပြချက်တွေထဲမှာလည်း ISI အရာရှိတစ်ဦးနဲ့ Begum Zia တို့ဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီသောင်းကျန်းမှုကို အားပေးဖို့၊ ဒါကာမှာ ဟာစီနာအစိုးရကို ဖြုတ်ချနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်ဆိုပြီး ဖော်ပြခဲ့ကြပါသေးတယ်။  

သြဂုတ် ၂၃ ရက် ဘင်္ဂလားဒေ့ရှ် စံတော်ချိန် မနက် ၁၁ နာရီ ၃၂ မိနစ်မှာတော့ Ashfaq ရဲ့ ဖုန်းနံပါတ်ကနေတဆင့် Hafiz Tohar သုံးတဲ့ ဘင်္ဂလားဒေ့ရှ် မိုဘိုင်းဖုန်းဆီကို ဖုန်းခေါ်ဆိုမှုတစ်ခု ရှိခဲ့ပါတယ်။ ယင်းဖုန်းခေါ်မှုဟာ ကြာချိန် ၃၇ မိနစ်ထိ ရှိခဲ့ပြီး နောက် ၄၈ နာရီအတွင်း ARSA အနေနဲ့ ပစ်မှတ်အများအပြားကို တိုက်ခိုက်ရမယ်ဆိုပြီး Ashfaq က Hafiz ကို ပြောခဲ့ပါတယ်။ အဲဒီမှာ Tohar က ပြန်ပြောရာမှာတော့ သူ့အဖွဲ့ဟာ တိုက်ခိုက်မှုတွေလုပ်ဖို့ အသင့်အနေအထား ရှိတယ်ဆိုပေမယ့် သြဂုတ် ၂၄ ညလယ်ပိုင်းမတိုင်ခင် ပစ်မှတ်အများအပြားကို အမှန်တကယ် တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့ ဆိုခဲ့တယ်လို့ သိရပြီး ရေရှည်စီစဉ်ပြီး စိတ်ဓာတ်လှုံ့ဆော်မှုတွေလုပ်ဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ဒီ ဖုန်းခေါ်ဆိုမှုကို အိန္ဒိယ ထောက်လှမ်းရေးက ကြားဖြတ်ဖမ်းယူနိုင်ခဲ့သလို ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတွေ အပြည့်အ၀ ဝှက်စာမဖော်နိုင်ခဲ့တဲ့ ဘာသာစကားကုဒ်တွေကိုလည်း အိန္ဒိယ ထောက်လှမ်းရေးက အပြည့်အ၀ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဖော်ထုတ်မှုတွေအရ ချိတ်ဆက်ပြောဆိုမှုတွေထဲမှာပါတဲ့ "Kala Admi" ကတော့  "Black Man" ဆိုပြီး ကိုဖီအာနန်ကို ရည်ညွှန်းခဲ့ပြီး ISI အရာရှိက အာနန် သူ့ရဲ့ အစီရင်ခံစာကို တင်ပြီးပြီးချင်း ချက်ချင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ပြောထားခဲ့တယ်လို့ သိရပါတယ်။

ဒါကို Tohar က သဘောတူခဲ့ပေမယ့် သြဂုတ် ၂၄ ရက် ညလယ်ပိုင်း မတိုင်ခင်မှာ လုပ်လို့မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ ဖုန်းခေါ်ဆိုမှုကတော့ သြဂုတ် ၂၄  ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ည ၂ နာရီ ၁၃ မိနစ်မှာ ဖြစ်ပြီး ကြာချိန် ၂၈ မိနစ် ရှိပါတယ်။

Ahsfaq က အာနန် ဘယ်တော့ အစီရင်ခံစာတင်မလဲလို့ မေးတဲ့အခါ Tohar က ခုကနေစပြီး မကြာခင်အချိန် ညနေ ၃ နာရီ လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီမှာ တိုက်ခိုက်မှုတွေကို ညမှောင်တာနဲ့ ချက်ချင်းမြန်မြန်ဆန်ဆန် လုပ်ဖို့ Ashfaq က ပြောခဲ့ပါတယ်။ အဲဒီမှာ ညလယ်ရောက်တာနဲ့ တိုက်ခိုက်မှုတွေ စလုပ်ဖို့ ညွှန်ကြားချက်တွေနဲ့အတူ ARSA တပ်ဖွဲ့အားလုံးထံ ရှေ့ပြေး စေလွှတ်ပေးပို့အကြောင်းကြားပြီးကြောင်း Tohar က ပြောပါတယ်။

ထင်ရှားတဲ့အချက်ကတော့ ဒီသတင်းစကားကို ARSA အနေနဲ့ လူနဲ့ စေလွှတ်အကြောင်းကြား ခဲ့တာဖြစ်ပြီး စောင့်ကြည့်နားထောင်ခံရမှာစိုးလို့ ရေဒီယိုကို အသုံးမပြုခဲ့ပါဘူး။

ညနေ ၆ နာရီ ၂ မိနစ်မှာတော့ သူ့ကိုယ်သူ "Al-Amin of Daesh" လို့မိတ်ဆက်ရင်း အီရတ် ဖုန်းနံပါတ်တစ်ခုနဲ့ Tohar ဆီ ဆက်သွယ်လာတာကို ထောက်လှမ်း တွေ့ရှိခဲ့ရပါတယ်။

ဒီဖုန်းခေါ်ဆိုမှုက စုစုပေါင်း ၁၄ မိနစ်ကြာခဲ့ပါတယ်။ အဲဒီခေါ်ဆိုမှုထဲမှာ ARSA ဘက်က မြန်မာ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူတွေအပေါ် ဂျီဟတ်စစ်ပွဲ အကောင်းဆုံး ဆင်နွှဲနိုင်မယ်လို့ ISIS ဘက်က မျှော်မှန်းကြောင်း ဆန္ဒပြုကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဒီဖုန်းခေါ်ဆိုမှု သုံးခုစလုံးကို ဘင်္ဂလားဒေ့ရှ်ရော၊ အိန္ဒိယထောက်လှမ်းရေး အဖွဲ့တွေပါ တစ်ပြိုင်နက်တည်း ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ဖော်ထုတ် သိရှိချက်တွေအရ ARSA နဲ့ ယင်းတို့ နောက်ကွယ်ကနေ ပံ့ပိုးသူတွေ (ISIS နဲ့ ISI) တို့ဟာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ ထောက်ခံချက်တွေကို အကောင်အထည်ဖော်မယ့် ဝန်ကြီးအဆင့် ကော်မတီထူထောင်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ရပ်တည်ချက်ကို ပျက်ယွင်းစေဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒီနေရာမှာ ဖြစ်အံ့ဆဲဆဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့က မြန်မာအစိုးရကို ကြိုတင် သတိပေးမှုတွေ လုပ်ခဲ့သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

တစ်ခု ဖြစ်နိုင်တာကတော့ နိုင်ငံတွေအကြားက ထောက်လှမ်းရေး အဖွဲ့တွေအကြား မြန်ဆန်တဲ့ သတင်းဝေမျှမှုစနစ် မရှိခြင်းကလည်း ယခုလို သတင်းအလွှဲအပြောင်း လုပ်ဖို့ မတတ်နိုင်စွမ်း နိုင်ခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

"ရုရှနဲ့ အမေရိကန်ဦးဆောင်တဲ့ စစ်ရေး လုပ်ဆောင်ချက်တွေကြောင့် အရှေ့အလယ်ပိုင်းမှာ ISIS တို့ အခြေမလှ ဖြစ်လာနေတာကြောင့် ယခုလို အာရှဒေသမှာ ဂျီဟတ်စစ်မျက်နှာသစ် ဖန်တီးဖို့၊ ရှိတ်ဟာစီနာ အစိုးရကို လှုပ်ခါဖို့၊ အိန္ဒိယ အရှေ့ခြမ်းကို မတည်မငြိမ် ဖြစ်စေဖို့ ကြိုးပမ်း လာနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့နေရတယ်ဆိုပြီး ဝန်ကြီးချုုပ်မိုဒီ မြန်မာခရီးစဉ်မတိုင်ခင် အိန္ဒိယ ထိပ်တန်းထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသွားပါတယ်။

"ဒါ့အပြင် အိန္ဒိယကိုလည်း ယင်းရဲ့ ကက်ရှ်မီးယားဒေသ စစ်ရေး ရည်မှန်းချက်တွေကနေ လမ်းလွဲသွားစေအောင်လို့ ၊ ဘင်္ဂလားဒေ့ရှကိုလည်း JMB နဲ့ အခြား ဂျီဟက်တွေအပေါ် စစ်ရေး နှိမ်နင်းမှုတွေကနေ လမ်းလွှဲသွားအောင် လုပ်လိုက်တာပါ၊ ဒါက ပါကစ္စတန်ရဲ့ ပရိယာယ်တစ်ခုဆိုတာ ရှင်းရှင်းလင်းလင်းတွေ့နေရပါတယ်" လို့ ဆိုပါတယ်။

ဒါကြောင့် ယနေ့အချိန်မှာ အနောက်အုပ်စုနဲ့ အခြားနိုင်ငံအများအပြားမှာ သုံးနေခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဘာလို့ လက်မခံသလဲဆိုတာရဲ့ အဖြေဖြစ်ပါလိမ့်မယ်။

"ARSA က ကိုဖီအာနန်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမွန်လှတဲ့  ရည်မှန်းချက်တွေကို ဖီလာကန့်လန့်တိုက်ဖို့ ရည်မှန်းထားတာပါ၊ ရခိုင်မှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်စေပြီး ယင်းဒေသမှာ စစ်ရေးအရ ဝင်ရောက် ရှင်းလင်းဆောင်ရွက်ရတဲ့ ပုံစံမျိုးကို သူတို့လိုချင်ခဲ့တာပါ၊ ဒါမှလည်း ညှင်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ ဇာတ်ညွှန်းမျိုး ဖန်တီးလို့ ရလာနိုင်ပြီး ဒီကနေတဆင့် သူတို့ရဲ့ ဂျီဟတ်အဆင့်ကို တိုးမြင့်စေတာ၊ လူသစ်တွေ ရှာဖွေစုဆောင်းနိုင်တဲ့ အပိုင်းတွေမှာ အထောက်အကူ ဖြစ်တော့မှာပါ"ဆိုပြီး ဘင်္ဂလားဒေ့ရှ် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောပါတယ်။ အဆိုပါ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိကတော့ သူနဲ့ အိန္ဒိယ ထောက်လှမ်းရေး အရာရှိနှစ်ဦးစလုံးရဲ့ အမည်တွေကို ထုတ်မပြောဖို့ တောင်းဆိုထားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly