အဆိုတော် တာရာအတွက် အမှတ်တရသီချင်းပြန်ဆိုထားတဲ့ စည်သူလွင်

အဆိုတော် တာရာအတွက် အမှတ်တရသီချင်းပြန်ဆိုထားတဲ့ စည်သူလွင်

 

ရန်ကုန်၊ စက်တင်ဘာလ ၅ ။           ။ အဆိုတော် စည်သူလွင်က ကွယ်လွန်သွားတဲ့ အဆိုတော် တာရာအတွက် သူ အမှတ်တရပြန်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို သူ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

အဆိုတော်တာရာရဲ့ “ရင်ခုန်သံဒိုင်ယာရီ” သီချင်း ဖြစ်ပါတယ်။

“ဟိုတလောကပဲ ပြန်ဆိုဖူးတဲ့သီချင်းလေး တင်လိုက်သေးတယ်။ အခုလို နှုတ်ဆက်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အခုတော့ အမှတ်တရအဖြစ် ပြန်တင်ပေးလိုက်ပါတယ်။ အစ်ကိုတာရာ အေးချမ်းတဲ့ ဘုံဘဝရောက်ရှိနိုင်ပါစေ” လို့  စည်သူလွင်က ရေးသားထားပါတယ်။

“ မာနများလည်း တစစီကွဲရှ ကိုယ့်ရဲ့ အသည်းကွဲ ညနေခင်းများ…”သီချင်းကို အသက်သွင်းခဲ့သူ၊ ၁၉၉၃ ခုနှစ်က “အလင်းတန်းများ”တေးစီးရီးဖြင့် စတင်အောင်မြင်ခဲ့သူ အဆိုတော် တာရာ(ခ) နန္ဒာထွန်း ဟာ စက်တင်ဘာ ၂ရက်နေ့  မနက်အစောပိုင်း ၅ နာရီခွဲအချိန်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့က  ညနေ ၄ နာရီမှာတော့ အဆိုတော်တာရာကို ရေဝေး သုသာန်မှာ ရှိတဲ့ အဆိုတော်ခိုင်ထူးရဲ့အုတ်ဂူနံဘေးမှာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။

အဆိုတော် တာရာက ၁၉၉၃ ခုနှစ်ကနေ တကိုယ်တော်စီးရီးတွေဖြစ်တဲ့ အလင်းတန်းများ၊ ပုလဲသီတကွဲစီ၊ အချစ်နဲ့သိမ်းပိုက်ခြင်း၊ ချစ်ခြင်းရဲ့မျက်နှာများ ၊ စုစုပေါင်း ၄ ခွေကို ပရိသတ်အတွက် အမှတ်တရထားလို့ အသက် ၄၉ နှစ်အရွယ်မှာ နှုတ်မဆက်ဘဲ ထွက်ခွာသွားပြီဖြစ်ပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly