အင်္ဂလန်ထိပ်သီးအသင်းများ၏ ချန်ပီယံလိဂ်လူစာရင်းတွင် ကော်စတာကျန်ရစ်ခဲ့ပြီး မိုဗစ်နှင့်ကော်တင်ဟိုတို့ ပါ၀င်လာ

အင်္ဂလန်ထိပ်သီးအသင်းများ၏ ချန်ပီယံလိဂ်လူစာရင်းတွင် ကော်စတာကျန်ရစ်ခဲ့ပြီး မိုဗစ်နှင့်ကော်တင်ဟိုတို့ ပါ၀င်လာ

 

စက်တင်ဘာ ၅၊ အင်္ဂလန် ။          ။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိထားကြသည့် ပရီးမီးယားလိဂ်ထိပ်သီးအသင်း ၅ သင်းသည် ချန်ပီယံလိဂ်ကစားသမား ၂၅ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ကြသည်။

ထိုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ရာတွင် ချယ်လ်ဆီးအသင်း၏လူစာရင်း၌ တိုက်စစ်မှူးဒီယေဂိုကော်စတာ ကျန်ရစ်ခဲ့ပြီး မန်ယူအသင်း၏လူစာရင်းတွင် ဒဏ်ရာရနေသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ် ပါဝင်လာခဲ့သည်။ လီဗာပူးလ်အသင်း၏ လူစာရင်းတွင်မူ ဘာစီလိုနာသို့ပြောင်းရန် ကြိုးပမ်းခဲ့သည့် ကော်တင်ဟို ပါဝင်လာခဲ့သည်။

ချယ်လ်ဆီးနည်းပြကွန်တီ၏ ချန်ပီယံလိဂ်ကစားသမားစာရင်းတွင် တိုက်စစ်မှူးစစ်စစ်အဖြစ် မိုရာတာနှင့်ဘတ်ရှူအာယီတို့ နှစ်ဦးသာ ပါဝင်လာခဲ့သည်။

မန်ယူအသင်း၏ကစားသမားစာရင်းတွင်မူ တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ အံ့အားသင့်ဖွယ်ပါဝင်လာခြင်း ဖြစ်သည်။ မိုဗစ်မှာ လက်ရှိတွင် ဒူးဒဏ်ရာပြန်လည်သက်သာနေပြီဖြစ်သော်လည်း ဇန်နဝါရီလမှ ပြန်လည်ကစားနိုင်မည်ဟု နည်းပြမော်ရင်ဟိုကိုယ်တိုင် ပြောဆိုထားသည်။

လီဗာပူးလ်အသင်း၏လူစာရင်းတွင် ဒန်နီအင့်စ်၊ ကလိုင်နီနှင့် မာကိုဗစ်တို့ ပါဝင်ခဲ့ခြင်းမရှိဘဲ အသင်းပြောင်းရန် တောင်းဆိုခဲ့သည့် ဘရာဇီးတိုက်စစ်မှူးကော်တင်ဟိုကို စာရင်းသွင်းခဲ့သည်။

စပါးအသင်းတွင်မူ တိုက်စစ်မှူးသစ် လိုရန်သီပါဝင်ခဲ့ပြီး ဟော်လန်တိုက်စစ်မှူးဂျန်ဆန်နှင့် အာဂျင်တီးနားကွင်းလယ်လူ လာမယ်လာတို့ ကျန်ရစ်ခဲ့ကြသည်။

မန်စီးတီးအသင်း၏ကစားသမားစာရင်းတွင်မူ အသင်းပြောင်းရန် ကြိုးစားခဲ့သော်လည်း မပြောင်းနိုင်ခဲ့ကြသည့် နောက်ခံလူ မန်ဂါလာနှင့် ကွင်းလယ်လူ ဖေဘီယန်ဒဲလ်တို့ ချန်လှပ်ခံခဲ့ရသည်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များကို စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် စတင်ကစားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required