အာဖရိကချန်ပီယံ ကင်မရွန်းအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ဆုံးရှုံး

အာဖရိကချန်ပီယံ ကင်မရွန်းအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ဆုံးရှုံး

စက်တင်ဘာ ၅၊ အာဖရိက ။                      ။ နိုက်ဂျီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သောကြောင့် လက်ရှိအာဖရိကချန်ပီယံ ကင်မရွန်းအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားရပြီ ဖြစ်သည်။

အာဖရိကဇုန်တွင် နောက်ဆုံးအဆင့်၌ အုပ်စု(၅)ခုတွင် ထိပ်ဆုံးအသင်းတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ကင်မရွန်းအသင်းသည် အုပ်စု(B)၌ နိုက်ဂျီးရီးယား၊ ဇမ်ဘီယာ၊ အယ်လ်ဂျီးရီးယားတို့ဖြင့် အတူကျရောက်ခဲ့ပြီး လေးပွဲကစားပြီးချိန်တွင် ၃ မှတ်သာ ရရှိထားသည်။ လက်ရှိတွင်  နိုက်ဂျီးရီးယားက ၄ ပွဲ ၁၀ မှတ်၊ ဇမ်ဘီယာက ၃ ပွဲ ၄ မှတ်၊ ကင်မရွန်းက ၄ ပွဲ ၃ မှတ်၊ အယ်လ်ဂျီးရီးယားက ၃ ပွဲ ၁ မှတ်ရရှိထားသည်

ရမှတ်နှင့်ပွဲကျန်အနေအထားအရ အမှတ်ပေးဇယားအောက်ဆုံးက အယ်လ်ဂျီးရီးယားအသင်းပင်လျှင် နိုက်ဂျီးရီးယားကို သင်္ချာသဘောအရလိုက်မီနိုင်သေးသော်လည်း ကင်မရွန်းမှာမူ ကမ္ဘာ့ဖလားအိပ်မက်ပြီးဆုံးသွားခဲ့ရပြီ ဖြစ်သည်။

အခြားအုပ်စုများတွင်လည်း အသင်းတိုင်းမှာ သချာၤသဘောအရ အုပ်စုထိပ်ဆုံးကအသင်းကို လိုက်မီနိုင်ကြသေးသည့်အတွက် အာဖရိကချန်ပီယံကင်မရွန်းအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့ရသည်။

ကင်မရွန်းအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၇ ကြိမ်အထိ ယှဉ်ပြိုင်ခဲ့ဖူးရာ အာဖရိကတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအကြိမ်အများဆုံး ကစားထားသည့်အသင်း ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားအကြိုကျင်းပခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့သေးသော်လည်း အုပ်စုအဆင့်မှပင် ပြန်ခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required