စစ်တွေမြို့သို့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ထွက်ပြေးတိမ်ရှောင်ရန်ရောက်ရှိ

စစ်တွေမြို့သို့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ထွက်ပြေးတိမ်ရှောင်ရန်ရောက်ရှိ
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ စက်တင်ဘာ ၅ ရက်။               ။ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် နေထိုင်နေကြသည့် ဟိန္ဒူ ဘာသာဝင်များမှာ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခံရမှုများကြောင့် ကြောက်ရွံ့ထွက်ပြေးလာခဲ့ကြသူ ၄၀၀ ကျော်တို့ စစ်တွေမြို့သို့ ရောက်ရှိလာနေကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးလာခဲ့ကြသူများထဲတွင် မောင်တောမြို့နယ်၌ နေထိုင်ကြသူ အများအပြားပါဝင်ပြီး အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်း၊ ကျေးရွားများအား ဖျက်ဆီးခြင်း၊ ခေါ်ဆောင်သွားခြင်းများ ပြုလုပ်နေသည့်အတွက် ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က မောင်တောမြို့ ၄ ရပ်ကွက်မှာနေတာပါ။ အဲဒီမှာ ဘင်္ဂလီတွေ ဆူပူမှုဖြစ်ပွားနေတဲ့အတွက် ထွက်ပြေး လာခဲ့တာပါ။ မောင်တောမှာက စားရေးသောက်ရေး အခက်အခဲဖြစ်လာပါတယ်။ ကျွန်မတို့ဟိန္ဒူတွေကိုလည်း အကြမ်းဖက်သမားတွေက သတ်ဖြတ်ပြီးတော့ အိမ်တွေကို မီးရှို့တဲ့အတွက် ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။” ဟု ဒေါ်အမီနာကုမ္မာရီက ပြောသည်။

ထို့အပြင် ယင်းဒေသအတွင်းနေထိုင်လျှက်ရှိသော ဟိန္ဒူဘာသာဝင် လူဦးရေပေါင်း တစ်ထောင်ကျော်ခန့်တို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး ၄၀၀ ကျော်မှာ စစ်တွေမြို့သို့ရောက်ရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

“အခုထွက်ပြေးလာခဲ့သူတွေကို ကျွန်မတို့ဆီကနေ လက်ခံပြီးတော့ သူတို့နေရေးထိုင်ရေး၊ စားရေး သောက်ရေးအတွက် စီစဉ်ပေးထားပါတယ်။ အစိုးရအဖွဲ့ကလည်း လာရောက်ပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ပေးထားပါတယ်။ တချို့ဆိုရင် နေမကောင်းသူတွေ ပါလာတဲ့အတွက် ဆေးကုသမှုတွေကိုလည်း လုပ်ပေးနေရပါတယ်။”ဟု စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၊ မဟာသီဝ ဟိန္ဒူဘုရားရှိခိုးကျောင်း ယာယီကယ်ဆယ်ရေးစခန်းမှ ဒေါ်ချီခါးက ပြောသည်။

ထွက်ပြေးလာခဲ့ကြသူများအား ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းနှင့် ကုန်တန်းရပ်ကွက်ရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းတို့တွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ စောင့်ရှောက်မှုများ ပြုလုပ်ပေးထား ကြောင်း သိရသည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required