မြန်မာနဲ့ ကုန်သွယ်ရေး မော်လ်ဒိုက် ဖြတ်တောက်

မြန်မာနဲ့ ကုန်သွယ်ရေး မော်လ်ဒိုက် ဖြတ်တောက်

 

 စက်တင်ဘာ ၅ ။                    ။ မြန်မာနဲ့ မော်လ်ဒိုက်နိုင်ငံတို့အကြား ကုန်သွယ်ရေး ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်း ဖြတ်တောက်ထားလိုက်ပြီ ဖြစ်ကြောင်း မော်လ်ဒိုက်အစိုးရက စက်တင်ဘာ ၃ရက်က ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂလီ မွတ်ဆလင် အရေးကိစ္စနဲ့ပတ်သက်လို့ မော်လ်ဒိုက်ဘက်က ပြစ်တင်ရှုတ်ချကြောင်း၊ မွတ်ဆလင်အသိုင်းအဝိုင်းတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို မြန်မာအစိုးရက ချက်ချင်း ဖြေရှင်း ဆောင်ရွက်မပေးမချင်း မြန်မာနဲ့အကြား ကုန်သွယ်မှုတွေအားလုံးကို ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း မော်လ်ဒိုက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

ယခုလို ရခိုင်ကိစ္စမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက အားချင်း တုန့်ပြန်ဆောင်ရွက်ဖို့၊ ကုလအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးကောင်စီကိုလည်း ယင်းအရေးကိစ္စမှာ စုံစမ်းစစ်ဆေးပေးဖို့   မော်လ်ဒိုက်အစိုးရက တောင်းဆိုကြောင်း ယင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယခုလို စီးပွားရေးဆက်ဆံမှုတွေအားလုံးကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ မော်လ်ဒိုက်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာကျန်းမာရေးနှင့်အားကစားဝန်ကြီးက ယင်းနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကိုပါ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မော်လ်ဒိုက်သတင်းတစ်ရပ်မှာ ဖော်ပြထားပါသေးတယ်။

ကျန်းမာရေးဝန်ကြီးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှ နှစ်ပတ်လည်အစည်းအဝေးတစ်ခုကိုကို တက်ရောက်ဖို့ မော်လ်ဒိုက်ကို သွားရောက်ဖို့ ရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required