မောင်တောတွင် ပိတ်မိနေသည့် ပညာရေးဝန်ထမ်း ၂၀၀ ကျော် ကျန်ရှိနေဆဲ

မောင်တောတွင် ပိတ်မိနေသည့် ပညာရေးဝန်ထမ်း ၂၀၀ ကျော် ကျန်ရှိနေဆဲ
ဓာတ်ပုံ-RiA

 

ရန်ကုန်၊ စက်တင်ဘာ ၅ ။               ။ သြဂုတ်လ နောက်ဆုံးအပတ်အတွင်းဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် မောင်တောဒေသတွင် ပိတ်မိနေသည့်ပညာရေးဝန်ထမ်း ၄၀၀ ကျော်အနက် ၂၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း မောင်တောခရိုင်၊ ပညာရေးမှူး ဦးအုန်းမြင့်က မဇ္ဈိမသို့ပြောသည်။

“ တော်တော်များများတော့ပြန်ရောက်ပါပြီ။ နည်းနည်းပဲ ရှိတော့တယ်။ သူတို့နေရပ်ကိုပဲ ပြန်ခိုင်းပါတယ်။ တောင်ပြိုဆို ၄ ယောက်ပဲရှိတော့တယ် နည်းနည်းပါးပါးပဲ ကျန်ပါတော့တယ်။ ကျန်တာကတော့ ၂၁၂ ယောက်တော့ ရှိနေတယ် ။ ဒေသခံတွေလည်းရှိတော့ ဒေသခံတွေပဲကျန်နေတာပါ “ ဟု ၎င်းကပြောဆိုသည်။

မောင်တောတွင် ကျန်ရှိနေသေးသည့် ကျောင်း ဆရာ/ ဆရာမ ၂၀၀ ကျော်ထဲတွင်ဒေသခံများလည်းပါရှိ နေကြောင်း ဦးအုန်းမြင့်ကပြောသည်။

“ ဒေသခံဆရာမတွေကလည်း သူတို့ရွာမှာသူတို့နေကြတယ်။ အခုတော့ နည်းနည်းအေးချမ်းသွားပြီ။ လမ်းကြောင်းသွားတဲ့ ကယ်ဆယ်ရေးသွားတဲ့ ကားနဲ့ လိုက်လာတာပါ။ တချို့လည်းပဲ လေယာဉ်နဲ့ သယ်လာပါတယ်ခင်ဗျ “ ဟု သွားရောက်ကယ်ဆယ်ခဲ့ပုံကို ၎င်းကပြောပြသည်။

သြဂုတ်လ ၂၈ ရက်နေ့အထိ မောင်တောဒေသတွင် ပညာရေးဝန်ထမ်း ၄၀၀ ကျော်ပိတ်မိနေခဲ့ပြီး ယနေ့(စက်တင်ဘာ ၅ ရက်) တွင်ဒေသခံဝန်ထမ်းများအပါအဝင် ၂၀၀ ကျော်သာကျန်ရှိတော့ခြင်းဖြစ်သည်။

မောင်တောခရိုင်တွင် သြဂုတ်လ ၂၅ ရက်နေ့မှစတင်ပိတ်ထားရသည့် စာသင်ကျောင်းပေါင်း ၁၈၃ ကျောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် ၂၂၁ ကျောင်းရှိကာ ရသေ့တောင်တွင် ကျောင်းပေါင်း ၂၀ အားလုံး စုစုပေါင်း ၄၂၄ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားရသည်။

အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေ ခန့်မှန်းခြေ တစ်သိန်းခွဲခန့် ရှိနေကြာင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများစတင်ဖြစ်ပွားခဲ့သည့်မှာ ယနေ့တွင် ၁၁ ရက်ကြာမြင့်ခဲ့ပြီး မောင်တောနှင့် ဘူးသီးတောင်တို့မှ တိမ်းရှောင် ပြည်သူ တစ်သောင်းကျော်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

အလားတူ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်နေရသူ ၉ သောင်းခန့်ရှိနေပြီဖြစ်ကြောင်းလည်း ရိုက်တာသတင်းဌာနတွင် စက်တင်ဘာ ၄ ရက်နေ့ကဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly