နယ်စပ်မှာဖွံ့ဖြိုးနေတဲ့ အခွန်လွတ် ကာစီနိုလုပ်ငန်း

နယ်စပ်မှာဖွံ့ဖြိုးနေတဲ့ အခွန်လွတ် ကာစီနိုလုပ်ငန်း

 

လူဝင်များ၊ ဝင်ငွေကောင်းလွန်တဲ့နယ်စပ်လောင်းကစားရုံတွေက ပြည်တွင်းပြည်ပ ဧည့်သည်တွေကို ကြိုဆိုနေပါတယ်။

သြဂုတ်လလယ်ပိုင်း ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ဂိတ်တွေထဲက နာမည်ကြီး ကိုးသုံးလုံး ဂိတ်ကို ကျွန်တော်တို့ ရောက်လာချိန်မှာ နယ်ခြားစောင့်တပ်ယူနီဖောင်းဝတ် သုံးလေးဦးခန့်က ကျွန်တော်တို့ စီးလာတဲ့ကားကို ခေတ္တရပ်ဖို့လက်ပြလိုက်ပါတယ်။ အချိန်ကတော့ ည ၈ နာရီကျော်ပါ ပြီ။ ကားအတွင်းမီးရောင်အောက်က ကျွန်တော်တို့ကိုခဏတာ ကြည့်ရှု စစ်ဆေးပြီးသွားကစားကြမယ့် လူတွေလားလို့ ယူနီဖောင်းဝတ်တစ်ဦးက မေးပါတယ်။ ကားထဲက မြဝတီမြို့ခံလူငယ်တစ်ဦးက ဟုတ်တယ်လို့ ဖြေပြီးနောက်မှာတော့ သူတို့က ကားကိုဆက်မောင်းခွင့် ပြုလိုက်ပါတယ်။

 အဲ့ဒီဂိတ်ကနေ ၃ မိနစ်ခန့် အနှေးဆက်မောင်းပြီး ကိုးသုံးလုံးကာစီနိုခြံဝန်းထဲ ချိုးကွေ့ဝင်လိုက် တော့ အဲ့ဒီခြံဝန်းကြီးထဲမှာ ကားအရေအတွက် တစ်ရာကျော် တွေ့ရပါတယ်။ ဒီနေရာကလုပ်ငန်း တွေကို ထိုင်းလုပ်ငန်းရှင်ကပိုင်တယ်လို့ သိရပါတယ်။ ဒီခြံနဲ့ကပ်လျက်မှာ သောင်ရင်းမြစ်ရှိနေပါတယ်။ ခြဲထဲမှာကာစီနိုရုံအပြင် စတိုးဆိုင်၊ စားသောက်ဆိုင်၊ ဒေသခံတို့အဆိုအမျိုးသားဧည့်သည်တွေ သွားတတ်တယ်ဆိုတဲ့ အဆောက်အဦတို့ကိုလည်း တွေ့ရပါတယ်။

   ဝင်ပေါက်ဝအပေါ်ပိုင်း LED ဘုတ်ကြီးမှာတော့ အနောက်တိုင်းစတိတ်ရှိုးတွေ ပြသထားတယ်။ ဝင်ပေါက်လုံခြုံရေးဝန်ထမ်းတွေက ပစ္စည်းရှာဖွေရေးစက်တွေနဲ့ စစ်ဆေးပြီးမှ အဆောက်အဦးထဲကို ဝင်စေပါတယ်။ ဝင်ပေါက်ကျော်တာနဲ့ တွေ့ရတဲ့ ဗဟိုလောင်းကစားခန်းမကြီးထဲမှာတော့ လူတွေအား လုံး ကိုယ့်အလုပ်ကို သဲကြီးမဲကြီးလုပ်နေကြတယ်။ လောင်းကစားတဲ့သူတွေထဲမှာ မြန်မာပြည်သားက လူနည်းစုလောက်ပါပဲ။ အများစုကတော့  သစ်သစ်လွင်လွင် ဝတ်စားထားတဲ့ထိုင်းတွေပါ။

   ဒီနေရာမှာ ကျား-နဂါး၊ ရှမ်းကိုးမီး၊ ဂျက်ပေါ့၊ ငါးဂိမ်းဆိုတဲ့ ကစားနည်းတွေရှိပါတယ်။ ကစားသူ အားလုံး ထိုင်းဘတ်ငွေသာ အသုံးပြုကစားနေတာတွေ့ရတယ်။ မြန်မာကျပ်ငွေအသုံးပြုကစားတာ ရှိပေမယ့် နည်းပါတယ်။ ကစားမယ်ဆိုရင် မြန်မာကျပ်ငွေကိုကောင်တာမှာ ထိုင်းငွေနဲ့ လဲလှယ်ပြီး ကစားရတာပါ။ ကစားဝိုင်းတွေမှာအသားဖြူဖြူ ထိုင်းအမျိုးသမီးလေးတွေက ငွေအလျော်အစား ကြီးကြပ်သူတွေပါ။ ငွေအလျော်အစားပေးသူ ဝန်ထမ်းတွေကို စောင့်ကြည့်သူရှိသလို အဲ့ဒီစောင့်ကြည့် သူတွေကို ကြီးကြပ်ဖို့ဝန်ထမ်းတွေလည်း ထပ်ရှိနေပါသေးတယ်။ ဖောက်သည်တွေ ထိုင်ရာမထ ကစား နိုင်ဖို့ ဝန်ထမ်းတချို့ကအစားအသောက်၊အဖျော်ယမကာတွေကိုတွန်းလှည်းလေးပေါ် တင်ပြီးကစား ဝိုင်းနားအရောက် လိုက်လံဝန်ဆောင်မှုပေးနေတာပါ။ ထမင်းချိန်ထမင်းစားမယ် ဆိုရင်လည်း ကစား ဝိုင်းရဲ့ အနီးအနားလေးမှာပဲစားသောက်ဆိုင်၊ စားသောက်အခန်းတွေက အဆင့်သင့်ပါ။  ဒီအစား အစာတွေအကုန်လုံးကို အခမဲ့စားသောက်နိုင်ပါတယ်။ ကစားရုံကြီးကတော့ တော်တော်လေး သန့်ရှင်း သပ်ယပ်ပါတယ်။

  နေရာအနံှ့မှာ လုံခြုံရေးကင်မရာမြောက်များစွာ တပ်ဆင်ထားပါတယ်။ မဟုတ်တာလုပ်တတ် သူတွေအတွက် ဒီနေရာက လုံးဝခွင့်လွှတ်မယ် မထင်ပါဘူး။ ဒီရုံကြီးရဲ့အခန်းတစ်နေရာမှာ ကပ်ထား တဲ့ အမည်စာရင်းက သက်သေပေါ။ ဖုန်းခိုးသူ၊ ခါးပိုက်နှိုက်၊ ကစားဝိုင်းမှာ ပါဝင်ခြင်း မပြုဘဲ အစားအသောက်တွေကို လာရောက်စားသောက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလူတွေအတွက် ဒီလောင်း ကစားခန်းမက အမြဲတံခါးပိတ်ထားတယ်၊ လာလို့တွေ့ရင် ပြန်ခိုင်းတယ်လို့ ကာစီနိုကိုဝင်ထွက်နေတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ဒီကာစီနိုရုံရဲ့ ထူးခြားချက်တစ်ခုက ဘယ်သူငွေကျန်ကျန်၊ ပစ္စည်း တွေကျန်ကျန် ပြန်မရဘူးဆိုတာ မရှိစေရပါဘူးဆိုတာပါပဲ။ ပိုင်ရှင်က မိမိပစ္စည်းကျန်ခဲ့ကြောင်း ဆက်သွယ်မယ်ဆိုရင် ပြန်ရဖို့က သေချာပါတယ်လို့ ကာစီနိုကစားသူတစ်ဦးက ပြောပါတယ်။

လုံခြုံရေးကင်မရာ၊ လုံခြုံရေးဝန်ထမ်းတွေနဲ့  တင်းတင်းကျပ်ကျပ်ရှိနေပေမယ့် ဒီနေရာလာဖို့ဆိုရင် နိုင်ငံသား စိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်တို့ ယူလာစရာ မလိုပါဘူး၊ ယူလာရမှာကတော့   ဖောင်းနေတဲ့ ပိုက်ဆံအိတ်ပါပဲ။

   ၂၄ နာရီဖွင့်တဲ့ ဒီလောင်းကစားရုံက ညဘက်သာ ပိုစည်းကားတယ်လို့ လာကစားသူတွေက ဆိုကြပါတယ်။ ထိုင်းဘက်ကနေ သောင်ရင်းမြစ်ဖြတ်ပြီး လာကစားသူတွေ သွားရေးလာရေး ပိုမိုအ ဆင်ပြေစေဖို့ အခမဲ့ကူးတို့လှေ ဝန်ဆောင်မှုလည်း စီစဉ်ပေးထားပါတယ်။ လောင်းကစားရုံမှာ ၃ လုံးထီလည်း ဖွင့်ပေးထားပါတယ်။ ထိုင်းပြည်တွင်း ၃ လုံးထီတော့ မဟုတ်ပါဘူး၊ ဒီကာစီနိုရုံက မနက်တစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် ဖွင့်ပေးနေတဲ့ ၃ လုံးထီမျိုးပါ။ ပေါက်ဂဏန်းကိုတော့ ခပ်ချောချော ဝန်ထမ်းမိန်းကလေးတွေက ဖွင့်ပေးကြတာပါ။ ဗဟိုလောင်းကစားခန်းမရဲ့ ညာဘက်မှာရှိတဲ့ ဒုတိယအကျယ်ဆုံးလို့ ဆိုနိုင်တဲ့ အခန်းမှာတော့ ကျား၊ နဂါး ကစားဝိုင်းတွေပဲ ရှိပါတယ်။ ဒီကစားဝိုင်း တွေမှာ အများဆုံးပုံအော ထိုးကြတာတွေ့ရပါတယ်။ တစ်ဝိုင်းမှာလူ ၂ဝ နီးပါး ရှိနေတတ်ပါတယ်။ အဲ့ဒီ ထဲမှာ လောင်းကစားမှုရဲ့ ထုံးစံအတိုင်း နိုင်သူက တစ်ဦး၊ နှစ်ဦးပါ၊ ကျန်လူတွေကလက်ဗလာနဲ့ ပြန်သွားတာချည်းပါပဲ။

ညပိုင်း ၉ နာရီကျော်လောက်မှတော့ အခမဲ့ကျွေးမွေးတဲ့ ကာစီနိုရုံကြီးထဲက စားသောက်ခန်းမှာ လိမ္မော်အချိုရည်တစ်ခွက် သောက်ပြီး ကျား-နဂါးကစားဝိုင်းဘက် ပြန်လှည့်လိုက်ပါတယ်။ ထိုင်းဘတ် ၄ဝ ဆယ်ကို နှစ်ကြိမ်ခွဲထိုးလိုက်ပါတယ်။ မနိုင်ပါဘူး။ အဲ့ဒီကစားနည်းကတစ်ကြိမ်ကို ၁ မိနစ်ကျော် လောက်သာ ကြာပါတယ်။ ကျားမဟုတ်နဂါးတစ်ခုခု ရွေးထိုးရတာပါ။ တစ်ဝိုင်းမှာ တစ်ကြိမ်ကို မျမ်းမျှ ဘက် ၂ဝ,ဝဝဝ လောက်ထိုးရင် ပျမ်းမျှဘတ် ၈,ဝဝဝ လောက်သာ ဒိုင်ဘက်က ပြန်လျော်ရတာ တွေ့ရမှာပါ။ ငွေလျော်သူက တစ်ဝိုင်းမှာ မိန်းကလေးနှစ်ဦးစီ ရှိပါတယ်။ ခေါင်းမဖော်တမ်း လောင်းကစားနေသူတွေကို ကျောခိုင်းပြီးအပြင်ဘက် ထွက်လာတော့  လောင်းကစားရုံရှိရာကို ကူးလာတဲ့ ထိုင်းဘက်ကမ်းကလူတွေကို တွေ့ရသလိုကစားပြီး ပြန်ကြတဲ့ ထိုင်းတွေကိုလည်း တွေ့ရပါတယ်။  အချိန်က ည၁ဝ နာရီဝန်းကျင်ပါ။ 

ဘယ်ဒေသမှာပဲဖြစ်ဖြစ် လောင်းကစားရှုံးမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတတ်တဲ့ ဆိုးကျိုးတွေထဲမှာ ရာဇဝတ်မှုလည်းပါပါတယ်။ ဖြစ်တတ်တဲ့ ရာဇဝတ်မှုထဲမှာခိုးမှု၊ လုယက်မှု၊ ကိုယ့်ကိုယ် ကိုယ် သတ်သေမှုတွေကိုတွေ့ရမှာပါ။ လောင်းကစားလုပ်ငန်း ကြီးငယ် ပေါများတဲ့ နယ်စပ်မြို့ မြဝတီမှာ လောင်းကစားမိတဲ့အတွက် မြေကွက်၊ အိမ်၊ တန်ဘိုးကြီးပိုင်ဆိုင်မှု ကုန်ဆုံးသွားကြသူ ရှိကြ တယ်လို့ စုံစမ်းသိရှိရပါတယ်။ လင်မယားနှစ်ဦးလုံး လောင်းကစားကြောင့် တိုက်အိမ်တွေ ကုန်ဆုံးကာ အကြွေးတင်မှုတွေဖြစ်ပြီး ကိုယ့်ကို အဆုံးစီရင်သေဆုံးသွားတာ ရှိခဲ့ဖူးတယ်လို့ မြဝတီမြို့ခံတစ်ဦးထံက သိရပါတယ်။ ဒီပြောဆိုချက်ကို မြဝတီမြို့နယ်က ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးသန့်ဇင်အောင် ကလည်း ဟုတ်မှန်ကြောင်း ပြောဆိုပါတယ်။

  "လောင်းကစားရုံတွေ၊ ကျွန်တော်တို့ ဒီမြစ်ကမ်းတစ်လျှောက်မှာ သွားကြည့်။ အများကြီးရှိ တယ်" လို့ ဦးသန့်ဇင်အောင်က ပြောပြပါတယ်။ မြဝတီမြို့တွင်း လောင်းကစားလုပ်ငန်းလေးတွေကို အရေးယူတဲ့သတင်း မကြာခဏ ကြားနေရပါတယ်။ ဒေသတွင်းမှာ ကာစီနိုအပါအဝင် လောင်းကစား လုပ်ငန်းတွေ ပပျောက်ဖို့ဆန္ဒရှိကြောင်း ပြောပြပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြည်နယ် လွှတ်တော်မှာ တင်ပြခဲ့တယ်၊

ဒီနေ့အထိ ထူးခြားလာတာတော့ မတွေ့သေးပါဘူးတဲ့။ ဦးသန့်ဇင်အောင်ကတော့ ပိတ်ပင်ဖို့ ခက်နေတဲ့ လောင်းကစားလုပ်ငန်းကနေ နိုင်ငံတော်အတွက်အခွန်ငွေ ရဖို့ သီးသန့်ဥပဒေတစ်ခု ရှိသင့် ကြောင်း အကြံပြုချင်သူပါ။

နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူကလည်း ဒီလောင်းကစားရုံတွေကနေ နိုင်ငံတော် က အခွန်ငွေ မရရှိကြောင်း သဘောပေါက်ပါတယ်။ မြဝတီက ကာစီနိုလုပ်ငန်းကို တရားဝင်ဖြစ်စေချင်တယ်၊ ဒါဆိုရင်နိုင်ငံအတွက် အခွန်မနစ်နာတော့ဘူးလို့ သြဂုတ်လ ၂၃ ရက်နေ့ကပြောပါတယ်။

ကာစီနို ရုံတွေဟာ နိုင်ငံတကာမှာလည်း ရှိနေတဲ့အတွက် မြဝတီဒေသမှာလည်း တရားဝင်အနေနဲ့ လုပ်ခွင့်ရဖို့ခွင့်ပြုချက် တောင်းထားတယ်၊  နှစ်ဦးနှစ်ဘက်အဆင့်ပြေမယ့်အခွန်ဆောင်မှုပုံစံ ဖြစ်ဖို့ အစိုးရ ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်ကို ဦးဆောင် တည်ထောင်ခဲ့တဲ့ ဗိုလ်မှူးကြီးစောချစ်သူက ဆိုပါတယ်။

   မြဝတီက ကာစီနိုလုပ်ငန်းကို ထိုင်းလုပ်ငန်းရှင်နဲ့ တွဲဘက်လုပ်ကိုင်နေတယ်လို့ သူ့ဆီကသိရ ပါတယ်။ "အဲ့ဒီအဆောက်အဦဟာ ကျွန်တော်တို့ဆောက်တယ်။ နောက်ပိုင်းလိုအပ်တဲ့ဟာ သူတို့ (ထိုင်း)လုပ်ပေးတာ" လို့ ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းမျိုးစုံကို စီမံနေတဲ့ ဗိုလ်မှူးကြီး စောချစ်သူက ဆိုပါတယ်။

ကာစီနိုရုံနားမှာ ဟိုတယ်လည်း ဖွင့်မယ်လို့ သူက ဆက်ပြောပါတယ်။ တနင်္သာရီတိုင်းက ဟိုတယ်လုပ်ငန်းရှင်များနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတစ်ဦးက ကာစီနိုလုပ်မယ်ဆိုရင် ဟိုတယ်လုပ် ငန်းနဲ့ တွဲပြီးမှ ဖွင့်လှစ်ခွင့်ပေးမယ်လို့ ကြားထားကြောင်း ပြောပါတယ်။ နယ်စပ်မှာဆိုရင် ကာစီလို လောင်းကစားလုပ်ပိုင်ခွင့် ရှိတယ်လို့လည်း သူက သဘောပေါက်ထားပါတယ်။

  ကချင်၊ ရှမ်းပြည်နယ်တို့မှာရှိတဲ့ အသေးစား၊ အကြီးစားကာစီနိုရုံများမှာ တရုတ်နိုင်ငံဘက်က စိတ်အပန်းဖြေသူတွေ၊ လုပ်ငန်းရှင်တွေ လောင်းကစားလာလုပ်ကြပါတယ်။ မြဝတီက ကာစီနိုရုံအပါ အဝင် ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာရှိတဲ့ ကာစီနိုရုံတွေကလည်း ထိုင်းနိုင်ငံဘက်က လာသူ များအတွက်ဆိုရင် အချိန်မရွေး ကြိုဆိုလျက်ပါ။ အခမဲ့ သယ်ယူပို့ဆောင်ရေးကအစ လုံခြုံရေးအထိ ဝန်ဆောင်မှု ပေးနေပါတယ်။

တရုတ်၊ ထိုင်းတို့မှာတရားဝင် ဖွင့်ခွင့်မရတဲ့အတွက် မြန်မာဘက်က နယ်စပ်မြို့တွေမှာ လာရောက် လောင်းကစားသူတွေ အများအပြားကို ကာစီနိုရုံတွေမှာ နေ့တိုင်းတွေ့ရပါလိမ့်မယ်။ ငွေကြေးစီးဆင်းမှု ကြီးမားများပြားတဲ့ ကာစီနိုလောင်းကစားလုပ်ငန်းကို ဆက်ပြီးခွင့်ပြုမလား၊ ခွင့်ပြု မယ်ဆိုရင် အခွန်ငွေ တရားဝင် ရရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို သက်ဆိုင်ရာက မြန်မြန်ဆုံး ဖြတ်ရင် တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly