ဖွံ့ဖြိုးမှု နှေးကွေးရပ်တန့်နေသောကြောင့် အင်ဒိုနီးရှားအစိုးရက အစိုးရအဖွဲ့ ကိုပြန်လည်ဖွဲ့စည်း

ဖွံ့ဖြိုးမှု နှေးကွေးရပ်တန့်နေသောကြောင့် အင်ဒိုနီးရှားအစိုးရက အစိုးရအဖွဲ့ ကိုပြန်လည်ဖွဲ့စည်း

ဂျကာတာ၊ သြဂုတ် - ၁၂ ။        ။ ဖွံ့ဖြိုးမှုကိုခြောက်နှစ်တာအတွင်း အနိမ့်ကျဆုံးဖြစ်သွားစေခဲ့ သည့်ပေါ်လစီပိုင်းချို့တဲ့မှုအပေါ် စိုးရိမ်နေကြသည့် ရင်းနှီးမြှုပ်နှံသူများကို ပြန်လည်အာမခံချက်ပေးရန် ပုံစံထုတ်ထားသည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သြဂုတ်လ ၂ရက်နေ့က သဘာရင့် နည်းပညာကျွမ်းကျင်သူနှစ်ဦးကို အဓိကကျသည့် စီးပွားရေးစီမံခန့်ခွဲမှု ရာထူးများတွင် ခန့်အပ်လိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝီဒိုဒို၏ ဝန်ကြီးများရွေးချယ်မှုမှာ သူ၏ပါတီက ဖိအားပေးသောကြောင့်သာ နိုင်ငံရေးရာထူးများ ခန့်အပ်ရသည်ဟူသော ပြောဆိုချက်များကို ချေပလိုက်ပြီး၊ သူတိုမျှော်လင့်ထားသလို မာချာသည့်ခေါင်းဆောင် တစ်ယောက်မဟုတ်ဟု ပြောဆိုနေကြသည့် ဝေဖန်သူများကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

ပါရဂူဘွဲ့ကို ပါရီ၊ ဆော့ဘွန်းမှ ရရှိခဲ့ပြီး ၂၀၁၀မှ ၂၀၁၃ခုနှစ်အထိ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒါမင်း နာဆူရှင်ကို စီးပွားရေးဝန်ကြီးချုပ်အဖြစ် ဆော့ယန် ဂျာလီ၏နေရာတွင် အစားထိုးရန် ရွေးချယ်ခဲ့သည်။

နာဆူရှင်(၆၆နှစ်)မှာ စီးပွားရေးအသိုင်းအဝိုင်းနှင့် ဘဏ္ဍာရေးဈေးကွက်များတွင် အများက လေးစားသူဖြစ်သောကြောင့် ရူပီးငွေမှာည ၁၇နှစ်ကျော်ကာလအတွင်း ကန်ဒေါ်လာနှင့်ယှဉ်လျှင် အနိမ့်ဆုံးသို့ ထိုးဆင်းနေချိန်တွင် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ကောင်းသည်ဟု ယုံကြည်နေကြသည်။    

အခြားမျှော်လင့်မထားသည့် ရွေးချယ်ခန့်အပ်မှုမှာ ဟားဗတ်တက္ကသိုလ်ဆင်း ဘဏ္ဍာရေးအမှုဆောင်အရာရှိ သောမတ်စ် တီ လင်ဘုန်းကို ကုန်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။

ယခုလက်ရှိတွင် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံနေသည့် စင်ကာပူအခြေစိုက် ရှယ်ယာကုမ္ပဏီဖြစ်သည့် Quvat Management၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည့် လင်ဘုန်းမှာ ယခင်က Deutshe Bank နှင့် Morgan Stanley တို့တွင် အလုပ်လုပ်ခဲ့သည်။

လင်ဘုန်းမှာ ၁၉၉၈ အာရှစီးပွားရေးအကျပ်အတည်းအပြီးတွင် နိုင်ငံ၏ ဘဏ်စနစ်ကို သွေးသစ်လောင်းထူထောင်ပေးခဲ့သည့် အင်ဒိုနီးရှား ဘဏ်ပြန်လည်ဖွဲ့စည်းရေးအေဂျင်စီတွင် အကြီးတန်းဒုဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ဒုတိယသုံးလပတ်ကာလတွင် အင်ဒိုနီးရှား၏ ဂျီဒီပီမှာ ၄.၆၇ရာခိုင်နှုန်းသာလျှင် ဖွံ့ဖြိုးကြီးထွားခဲ့ရာ ၆နှစ်တာကာလအတွင်း အနှေးကွေးဆုံးဖြစ်ခဲ့သည်။ အောက်တိုဘာလ အာဏာရလာကတည်းက ဝီဒိုဒို၏ အစိုးရကရင်းနှီးမြှုပ်နှံသူများက အမျိုးသားအကျိုးစီးပွားကာကွယ်လွန်းသည်ဟု ဝေဖန်နေကြသည့် ကုန်ထုတ်လုပ်ငန်းနှင့် စားသုံးမှုကို မြှင့်တင်ရန် ရည်ရွယ်သော ဥပဒေအမြောက်အများကို အတည်ပြုပြဌာန်း ခဲ့သည်။

ဝီဒိုဒို၏ အစိုးရပြန်လည်ဖွဲ့စည်းရေး စီမံကိန်းနှင့် နီးစပ်သည့်သတင်းအရင်းမြစ်ကမူ ဝီဒိုဒိုမှာ ခေါင်းဆောင်မှု အားနည်းပျော့ညံ့ပြီး ပေါ်လစီပိုင်း ကမောက်ကမဖြစ်နေသည်ဟူသော အမြင်များကို ဖယ်ရှား ပစ်လိုစိတ် ပြင်းထန်နေသည်ဟု ပြောကြားကြသည်ဟုဆိုသည်။

နိုင်ငံတကာအတွေ့အကြုံနှင့် ပြည်ပအမြင်ရှိသူများကို ဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ခြင်းဖြင့် ၎င်း၏အစိုးရမှာ ပြည်တွင်းအကျိုးစီးပွားကိုသာ အားပြုလွန်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပျိုးထောင်ရန် ထက်သန်ခြင်းမရှိဟူသော စိုးရိမ်မှုများကို ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly