မြောက်ကိုရီးယား၏ နျူကလီးယားဗုံးစမ်းသပ်မှု သံတမန်နည်းအရ ဆန့်ကျင်ကန့်ကွက်ထားကြောင်း တရုတ်ပြော

By AFP
04 September 2017
မြောက်ကိုရီးယား၏ နျူကလီးယားဗုံးစမ်းသပ်မှု သံတမန်နည်းအရ ဆန့်ကျင်ကန့်ကွက်ထားကြောင်း တရုတ်ပြော

 

စက်တင်ဘာ ၄ ။                ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကြီးတကာ့အကြီးဆုံး နျူကလီးယားလက်နက်စမ်းသပ်မှုကြီးတစ်ခုကို မြောက်ကိုရီးယားတို့ လုပ်ဆောင်ထားအပြီးမှာတော့ ယင်းလုပ်ရပ်အပေါ် သံတမန်နည်းအရ တရားဝင်ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်က မြောက်ကိုရီးယားဘက်ဆီက ကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ယင်းဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်မယ့် ဟိုက်ဒရိုဂျင်ဗုံးအမျိုးအစားကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ပြုံံယမ်းအာဏာပိုင်တွေဘက်က ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

ယင်းနောက်မှာတော့ အထွတ်အထိပ်ရောက်လာခဲ့တဲ့ ဒေသတွင်း ပြဿနာအပေါ် တရုတ်တို့ ဘယ်လို ဖြေရှင်းတုန့်ပြန်မလဲဆိုတာနဲ့ပတ်သက်လို့လည်း မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယခုအခါ တရုတ်နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးက တာဝန်ရှိပုဂ္ဂိုလ်ကို ခေါ်ယူတွေ့ဆုံပြီး ဗုံးစမ်းသပ်မှုကိစ္စမှာ ပေကျင်းအစိုးရဘက်က ကန့်ကွက်ဆန့်ကျင်ကြောင်း မာမာထန်ထန် ပြောဆိုထားတယ် ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂေါင်ရူအန်းက ပြောပါတယ်။

" ခုလုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ နျူစမ်းသပ်မှုတွေနဲ့ပတ်သက်လို့ တရုတ်က လုံ့ဝကန့်ကွက်ပါတယ်၊ ကိုရီးယားကျွန်းဆွယ်အတွင်း နျူလက်နက်ကင်းရှင်းရေးဘက်ကို တရုတ်တို့ ဆက်လုပ်သွားမှာပါ၊ ဒီရပ်တည်ချက်က လူတိုင်းသိသလို မြောက်ကိုရီးယားလည်းသိပါတယ်" ဆိုပြီး ၎င်းက ပြောကြားသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ မြောက်ကိုရီးယားတို့အနေနဲ့ နောက်ထပ် ဒုံးကျည်စမ်းသပ်မှုတစ်ခု ထပ်လုပ်ဖို့ ပြင်ဆင်နေကောင်းနေနိုင်တယ်ဆိုပြီး တောင်ကိုရီးယားတို့ဘက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ယခုအချိန်မှာ မြောက်ကိုရီးယားတို့လက်ထဲမှာ သူတို့ပြောထားတဲ့အတိုင်း နျူထိပ်ဖူးတပ်ဆင်နိုင်မယ့် လက်နက်ပိုင်ဆိုင်ထားသည်ဆိုသည်မှာ ယုံကြည်ရလောက်ကြောင်းလည်း ဆိုးလ်ဘက်က ပြောပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်မှုအပြီး ယင်းကိုတုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားတို့ကလည်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်လေ့ကျင့်မှုတွေ လုပ်ဆောင်ထားခဲ့တယ်လို့လည်း သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required