ကာဂျစ်စတန်ကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော် ပြော

ကာဂျစ်စတန်ကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော် ပြော

စက်တင်ဘာ ၄၊ ကာဂျစ်စတန် ။         ။ ကာဂျစ်စတန်အသင်းကို အနိုင်ရမည်ဟု ယုံကြည်ကြောင်း မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်က AFC နှင့် အင်တာဗျူးတွင် ပြောဆိုလိုက်သည်။

မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် အတွက် ကာဂျစ်စတန်နှင့်ပွဲတွင် ရလဒ်ကောင်းရရန် လိုအပ်လျက်ရှိသည်။ ကာဂျစ်စတန်အသင်းမှာ မြန်မာနှင့်ပွဲမတိုင်မှ အိန္ဒိယကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ထားပြီး မြန်မာက မက္ကာအိုအသင်းကို ဝ-၄ ဂိုးဖြင့် အနိုင်ရထားသည်။

မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်က “ကျွန်တော့်အမြင်မှာတော့ ကာဂျစ်စတန်အသင်းက အုပ်စုထဲမှာ တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းပါ။ သူတို့မှာ ကစားသမားကောင်းတွေရှိပြီး စနစ်တကျ တည်ဆောက်ထားတဲ့ အသင်းဖြစ်ပါတယ်။

သူတို့ဟာ ဒီပွဲမတိုင်ခင်က အိန္ဒိယကို ရှုံးထားလို့ ကျွန်တော်တို့နဲ့ပွဲမှာ ပြန်လာနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း လက်ရှိမှာ ပုံစံကောင်းရရှိနေပါတယ်။ ယုံကြည်မှုနဲ့စိတ်ဓာတ်ကလည်း အမြင့်ဆုံးမှာ ရှိနေပါတယ်။ ကာဂျစ်စတန်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။

ဒီကိုလာတာ သုံးမှတ်ရယူဖို့ပါ။ ပြီးရင် မြန်မာနိုင်ငံကိုပြန်ပြီး အခြားအောင်ပွဲတွေ ထပ်ရဖို့ ပြင်ဆင်သွားပါမယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာအသင်းပါဝင်သော အုပ်စု(က)တွင် အိန္ဒိယအသင်းက ရမှတ် ၆ မှတ်ရရှိထားပြီး အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေသည်။ မြန်မာအသင်းနှင့် ကာဂျစ်စတန်တို့မှာ ၃ မှတ်စီရရှိထားပြီး ဂိုးကွာခြားချက်အသာဖြင့် မြန်မာက အုပ်စုဒုတိယနေရာတွင် ရှိနေသည်။ မက္ကာအိုအသင်းမှာ ရမှတ်(ဝ)ဖြင့် အုပ်စုနောက်ဆုံးတွင် ရပ်တည်နေသည်။ အုပ်စု ထိပ်ဆုံး ၂ သင်းက ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရန်အောင်ကျော်က နည်းပြဂတ်ဇီဆီသည် အသင်းအတွက် အရေးကြီးသူဖြစ်ပြီး အသင်းသားများအားလုံးမှာ ၎င်းအပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း AFC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly