မြန်မာလူနာများ အိန္ဒိယတွင် စရိတ်သက်သာစွာ ဆေးကုသနိုင်ရေး အိန္ဒိယမြန်မာဆွေးနွေးပွဲ တိုက်တွန်း

မြန်မာလူနာများ အိန္ဒိယတွင် စရိတ်သက်သာစွာ ဆေးကုသနိုင်ရေး အိန္ဒိယမြန်မာဆွေးနွေးပွဲ တိုက်တွန်း

ရန်ကုန် စက်တင်ဘာ၃ ။        ။ မြန်မာနိုင်ငံမှ လူနာများ အိန္ဒိယဆေးရုံများတွင် စရိတ်သက်သာစွာ ဆေးကုသနိုင်ရေး အိန္ဒိယနိုင်ငံက ခွင့်ပြုသင့်ကြောင်းအပါအဝင် လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍတွင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းဖွယ်ရှိသည့် အားသာချက်များကို အိန္ဒိယ-မြန်မာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပညာရှင်များက အကြံပြုခဲ့ကြသည်။

အိန္ဒိယ-မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်ကိုအထိမ်းအမှတ် ပထမအကြိမ် အိန္ဒိယ မြန်မာဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့ ပတ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပခဲ့ ရာ  အိန္ဒိယ၏ အရှေ့မျှော်မူဝါဒနှင့် အိန္ဒိယမြန်မာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အိန္ဒိယနှင့်မြန်မာနိုင်ငံတို့၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများအကြောင်းကို အဓိက ဆွေးနွေးခဲ့ကြသည်။

မြန်မာလူနာများ အိန္ဒိယဆေးရုံများတွင် စရိတ်သက်သာစွာဆေးကုသနိုင်ရေး အိန္ဒိယနိုင်ငံက ခွင့်ပြုသင့်ကြောင်း၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ကိုမြန်မာနိုင်ငံက ခွင့်ပြုသင့်ကြောင်း ၊ ထို့အတူ အိန္ဒိယဆေးရုံ လုပ်ငန်းကြီးများဖြစ်သော Fortis, Apolo စသည်တို့ အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းခွဲများ ဖွင့်လှစ်လုပ်ကိုင်သင့်ကြောင်း ပညာရှင်များက အကြံပေးခဲ့ကြသည်။ ထို့အပြင်  မြန်မာ နိုင်ငံသားများ ဗုဒ္ဓဂါယာသို့ စရိတ်သက်သာစွာ သွားရောက်နိုင်ရေး စီစဉ်ပေးသင့်ကြောင်းလည်း အကြံပြုခဲ့ကြသည်။

ဆွေးနွေးပွဲ ပထမပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း Dr. V S Seshadri ကသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ အဓိက ဦးဆောင်ဆွေးနွေးသူများအဖြစ် ရန်ကုန် မြို့ CESD-Myanmar မ ှဒေါက်တာဇော်ဦး၊ Jadavpur University, Kolkata မှ ပါမောက္ခ Ajitava Raychaudhuri ၊ မဇ္ဈိမ မီဒီယာအုပ်စု ၏ အယ်ဒီတာချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးမြင့်၊ ရန်ကုန် မြို့ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးမြန်မာအင်စတီကျု (MISIS) အဖွဲ့ဝင် U L Zau Goone ၊ နှင့် Hindu Business Line, Kolkata မှ ဗျူရိုအကြီးအကဲ Mr. Pratim Bose တို့က   ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယပိုင်းတွင် Parami Roundtable မှ ဒေါက်တာမျိုးသန့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဓိက ဦးဆောင်ဆွေးနွေးသူများအဖြစ် RIS, New Delhi မှ Dr. Prabir De၊ Nova Southeastern University, Florida မှ Ms. Cho Tin Tun Kirkpatrick၊ ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှ ဒေါ်ချိုတင်ထွန်း၊ နှင့် မဇ္ဈိမ မီဒီယာအကြံပေးနှင့် ဘီဘီစီ သတင်းထောက်ဟောင်း၊ စာရေးဆရာ Mr. Subir Bhaumik တို့က ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vikram Misri တက်ရောက်ပြီး နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။

အိန္ဒိယမြန်မာဆွေးနွေးပွဲကို ပါရမီစွမ်းအင်အုပ်စုက စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး မဇ္ဈိမက မီဒီယာပါတနာအဖြစ် ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required