အာဆီယံယူ-၁၈ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထားသည်ဟု မြန်မာနည်းပြ ဘန်လာဘီ ပြော

အာဆီယံယူ-၁၈ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထားသည်ဟု မြန်မာနည်းပြ ဘန်လာဘီ ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

စက်တင်ဘာ ၃၊ ရန်ကုန် ။          ။ အာဆီယံယူ-၁၈ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထားသည်ဟု မြန်မာနည်းပြ ဘန်လာဘီက ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

မြန်မာယူ-၁၈ အသင်းသည် ယခုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲများအဖြစ် အင်တာမီလန်ယူ-၁၈ အသင်း၊ ထိုင်း-၁၈ အသင်းတို့နှင့်ခြေစမ်းပွဲများကစားထားသည်။ ထိုခြေစမ်းပွဲများတွင် အင်တာမီလန်အသင်းကို တစ်ပွဲသရေ၊ တစ်ပွဲရှုံးကစားနိုင်ခဲ့ပြီး ထိုင်းအသင်းကို ၂-၁ ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရထားသည်။

ဘန်လာဘီက "ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့ စုစည်းလေ့ကျင့်ချိန် ငါးပတ်အချိန်ရရှိထားပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ ပြည်တွင်းကလပ်အသင်းနဲ့ခြေစမ်းပွဲတစ်ပွဲ၊ အင်တာမီလန်နဲ့ ၂ ပွဲ၊ ထိုင်းနဲ့ ၁ ပွဲကစားထားပါတယ်။ ဘောလုံးမှာ အကောင်းဆုံးအသင်း၊ အားအနည်းဆုံးအသင်းဆိုတာ မရှိပါဘူး။ ကြိုးစားနေဖို့ပဲလိုတာပါ။

အင်ဒိုနီးရှားနဲ့အဖွင့်ပွဲစဉ်အတွက်ပဲ ပြင်ဆင်ထားတာ မဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုလုံးအတွက် ပြင်ဆင်ထားတာပါ။ အဓိက ရည်မှန်းချက်က ချန်ပီယံဖြစ်ဖို့ပါ။ ကစားသမားတွေအားလုံးလည်း အဆင်သင့်ဖြစ်နေကြပါပြီ" ဟု ပြောဆိုခဲ့သည်။

မြန်မာအသင်းသည် အာဆီယံယူ-၁၈ ပြိုင်ပွဲတွင် ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်များက ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးပြီး ဒုတိယတစ်ကြိမ်၊ စတုတ္ထနှစ်ကြိမ် ရရှိထားသည်။ ပြီးခဲ့သည့် ပြိုင်ပွဲ ၂ ကြိမ်စလုံးတွင်မူ အုပ်စုအဆင့်မှသာ ထွက်ခွာခဲ့ရသည်။ လက်ရှိချန်ပီယံမှာ သြစတြေးလျအသင်းဖြစ်သည်။

မြန်မာအသင်းသည် ယခုနှစ်တွင် အာဆီယံယူ-၁၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အုပ်စု(ခ)တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်နေသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းနှင့် ပထမဆုံးပွဲဦးထွက်ကစားရမည်ဖြစ်ပြီး စက်တင်ဘာ(၉)ရက်တွင် ဘရူနိုင်း၊ စက်တင်ဘာ(၁၁)တွင် ဖိလစ်ပိုင်၊ စက်တင်ဘာ(၁၃)တွင် ဗီယက်နမ်တို့နှင့် ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly