စီးပွားရေးတိုးတက်မှုကို လူသားစွမ်းအားက ကူညီပေးနိုင်မည်ဟု Hilton နှင့် ဧဒင်အုပ်စုတို့ရှုမြင်

စီးပွားရေးတိုးတက်မှုကို လူသားစွမ်းအားက ကူညီပေးနိုင်မည်ဟု Hilton နှင့် ဧဒင်အုပ်စုတို့ရှုမြင်
Hilton ၏ ပထမအကြိမ် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးမှု သင်တန်းကျောင်း ဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၃၁ ရက်နေ့က Hilton နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-ထွဋ်ထွဋ်နိုင်၊မဇ္ဈိမ

 မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားစွမ်းအားအရင်းအမြစ်ကဏ္ဍက ကောင်းမွန်စွာကူ ညီပေးနိုင်သည်ဟု Hilton နှင့် ဧဒင်အုပ်စုတို့၏ ထိပ်ပိုင်းတာဝန်ရှိသူတို့က မဇ္ဈိမကိုပြောသည်။

ယင်းကို သြဂုတ်လ၃၁ ရက်နေ့ Hilton နေပြည်တော်တွင် ပြုလုပ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကြောင်း ဒီပလိုမာသင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူသားစွမ်းအားအရင်းအမြစ်များသည် ပြည်တွင်းတွင် ရှိမနေဘဲ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသောကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အခါ လူသားအရင်းအမြစ်နည်းပါးနေခြင်းက မြန်မာနိုင်ငံ၏ ပြသနာတစ်ရပ်ဖြစ်နေသည်ဟု ဧဒင်အုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာဦးချစ်ခိုင်ကဆိုသည်။

ဦးချစ်ခိုင်က “လူသားစွမ်းအားကတိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုအတွက် အောက်ခြေအခြေခံ ဒေါက်တိုင်ဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟုမဇ္ဈိမနှင့် သီးသန့်တွေ့ဆုံစဉ် ဖြေကြားထားသည်။

လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်နေသော ဧဒင်အုပ်စုသည် ၂၀၁၄ နှစ်လယ်ပိုင်းမှ စတင်၍ အမေရိကန်အမှတ်တံဆိပ် Hilton ၏ စီမံခန့်မှုနှင့် ဝန်ဆောင်မှုများကို ရယူကာ Hilton ဟိုတယ် များကို မြန်မာနိုင်ငံ၏ ခရီးသွားလာရေး အထင်ကရနေရာများတွင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

အထူးသဖြင့် ဧဒင်အုပ်စုအနေနှင့် ခရီးသွားလုပ်ငန်းကို ဦးစားပေးလုပ်ကိုင်သွားမည်ဟု ပြောဆိုထားသည်။

“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အဝေးကြီးကို မကြည့်ပါနဲ့၊ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ရင် အခုလက်ရှိရှိနေတဲ့ အနေအထားနဲ့ နောင်တိုးတက်လာမယ့် အနေအထားက ကိန်းကဏန်းတွေအရ ကျွန်တော်တို့ဆီမှာ ဖွံ့ဖြိုးဖို့ အများကြီးကျန်ပါသေးတယ်၊ အဲဒါကြောင့် ဒီလုပ်ငန်းအုပ်စုက ကျွန်တော်တို့ ကုမ္ပဏီအတွင်းမှာလည်း ကြီးမားကျယ်ပြန့်လာမယ်လို့ မြင်ပါတယ်”ဟု ဦးချစ်ခိုင်က မဇ္ဈိမကိုပြောသည်။

ဧဒင်အုပ်စုအနေနှင့် Hilton နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော သဘောတူညီမှုများအရ ငပလီ၊ နေပြည်တော်၊ မန္တလေး၊ ပုဂံနှင့်အင်းလေးစသည့် ဒေသများတွင် ဟိုတယ် ၅ လုံးဖွင့်လှစ်သွားမည်ဟု သိရပြီး Hilton ငပလီနှင့် Hilton နေပြည်တော်တို့ကို လွန်ခဲ့သည့် ၃ နှစ်မှ စတင်ကာ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလတွင် မန္တလေးမြို့၌ Hilton ဟိုတယ်တစ်လုံး ထပ်မံဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်လည်း Hilton ပုဂံနှင့် Hilton အင်းလေးတို့ကိုပါ ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဧဒင်အုပ်စုအနေနှင့် အဆိုပါ ဟိုတယ် ၅ လုံးအတွက် ပြည်တွင်းဝန်ထမ်းပေါင်း ၇၀၀ ခန့်အထိ ခန့်အပ်သွားမည်ဟု သိရကာ ထိုလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကလည်း ရှိနေသည်။

Hilton ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ လူသားစွမ်းအားအရင်းအမြစ်ဌာန ဒုတိယဥက္ကဌ Brendan Toomey က “လက်ရှိ မြန်မာ့ခရီးသွားလုပ်ငန်းဟာ နုပျိုနေပြီး တိုးတက်လာနေတာနဲ့အမျှ နိုင်ငံ့စီးပွားရေးအတွက် အနာဂတ်မှာလည်း အရေးပါလာမှာဖြစ်တာကြောင့် ဒီကဏ္ဍတိုးတက်မှုကို ကူညီပေးဖို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအပိုင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ် ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ သိမြင်ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ဟိုတယ်ခရီးနှင့် ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအတွင်း လူသားစွမ်းအားဖွံ့ဖြိုးတိုးတက်မှုရှိစေရန် Hilton ၏ ခရီးသွားလုပ်ငန်းအသက်မွေးဝမ်းကြောင်းသင်တန်း စင်တာတစ်ခုကို Hilton Worldwide မှ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် လွန်ခဲ့သည့် ၂ နှစ်မှ စတင်ထူထောင်ခဲ့သည်။

Hilton အသက်မွေးသင်တန်းကျောင်းနှင့် ပတ်သက်၍ မြန်မာပြည် Hilton ဟိုတယ်များပိုင်ရှင်ဖြစ်သူ ဧဒင်အုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာဦးချစ်ခိုင်က “လက်ရှိရှိနေတဲ့ လူငယ်တွေကို ပြည်ပကိုလည်း ထွက်မသွားအောင် ပြည်တွင်းအတွက်လည်း အားရှိအောင် လက်တလော ကျွန်တေ်ာတို့ ပြုစုပျိုးထောင်ပေးနိုင်တာက အသက်မွေးဝမ်းကြောင်း ပညာရပ်သင်တန်းကျောင်းတွေ ဖြစ်ပါတယ်” ဟုပြောသည်။

သင်တန်းသား ၂၈ ယောက်တို့သည် Hilton  ဟိုတယ် များတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။ ဓာတ်ပုံ-Hilton

ယင်းသင်တန်းကျောင်းသည် မြန်မာပြည်အတွက်သာမက ကမ္ဘာလုံးဆိုင်ရာ Hilton ဟိုတယ်အားလုံးအတွက် ပထမအကြိမ် ဖွင့်လှစ်သောသင်တန်းကျောင်းဖြစ်ပြီးယင်း ၂ နှစ်ကြာ အသက်မွေးဝမ်းကြောင်းသင်တန်းမှ သင်တန်းသားလူငယ် ၂၈ ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

Hilton မြန်မာပြည်ဟိုတယ်များအုပ်စု၏ အထွေထွေမန်နေဂျာဖြစ်သူ Helen Jacobe က “Hilton ရဲ့ မြန်မာပြည်ပိုင်ရှင်ဖြစ်တဲ့ ဧဒင်အုပ်စုကလည်းတိုင်းပြည်မှာလူငယ်ဖွံ့ ဖြိုးမှုတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။ အခုပထမဆုံး သင်တန်းပြီးဆုံးသွားသူ ၂၈ ယောက်လုံးဟာ Hilton ဟိုတယ်တွေမှာ အချိန်ပြည့်ဝန်ထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်” ဟုဆိုသည်။

Hilton အနေနှင့် ခရီးသွားလုပ်ငန်းအသက်မွေးသင်တန်းကျောင်းကို ဒုတိယအကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ကာ အဆိုပါ အသက်မွေးသင်တန်းအတွက် လူငယ် ၄၀အထိ တိုးချဲ့သင်ကြားအလုပ်ခန့်အပ်ပေးသွားမည် ဖြစ်သည်။

နိုင်ငံ့စီးပွားရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်းမှ လူသားစွမ်းအားအရင်းအမြစ်များတိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေနှင့် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည် စသည့်နေရာများတွင် အသက်မွေးသင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးတင့်လွင်က မဇ္ဈိမကို ပြောသည်။

အနာဂတ်မှာ စနစ်ကျနပြီး အဆင့်မြင့်တဲ့ အသက်မွေးသင်တန်းကျောင်းတွေ ဖွင့်လှစ်သွားနိုင်ဖို့ လိုပါတယ်၊ အခုလည်း ဝန်ကြီးဌာနဘက်က သင်တန်းကျောင်းတွေကို ထပ်ထပ်တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်”

အဆိုပါ သင်တန်းကျောင်းများဖွင့်လှစ်ရန် ဂျပန်၊ ဂျာမနီနှင့် ကိုရီးယားနိုင်ငံတို့က ဝန်ကြီးဌာနနှင့် လာရောက်ဆွေးနွေးခြင်းများရှိနေသည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးတင့်လွင်က ဖြည့်စွပ်ပြောဆိုထားသည်။

လက်ရှိမြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုအမှီပြု၍ အသက်မွေးရပ်တည်နေသော လုပ်သားဝန်ထမ်းပေါင်း ၁သန်းခွဲကျော် ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်လွင်က ကမ္ဘာ့ခရီးသွားလာမှုနှင့် လုပ်ငန်းကောင်စီ-WTTC ၏ အချက်အလက်များကို ကိုးကားပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags