တာမွေလူသတ်မှု သံသယရှိသူ ၄ ဦးကိုဖမ်းဆီး

တာမွေလူသတ်မှု သံသယရှိသူ ၄ ဦးကိုဖမ်းဆီး
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ စက်တင်ဘာလ ၃ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မေတ္တာမွန်အိမ်ရာဝင်းရှိ လမ်းပေါ်တွင် စက်တင် ဘာလ ၁ရက်နေ့ညက  အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သောအမှုနှင့် ပတ်သက်ပြီး လူသတ်မှု ကျူးလွန်ခဲ့သူဟု ယူဆရသူ ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရနု်ကုန်တိုင်းရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၃ ရက် တွင်သတင်းထုတ်ပြန်သည်။

အဆိုပါ သံသယရှိသူ ၄ ဦးမှာ တာမွေမြို့နယ်နေ စည်သူအောင်ဆိုသူအပါအဝင် ကျော် ကြီး(ခ) ကျော်မင်း လှိုင်၊ မေလေး(ခ) မေသူလွင်နှင့် အင်ကြင်း(ခ)မေသဇင်ဆိုသူတို့ ဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ် ဖွဲ့က ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ၁ရက်ညတွင် လူသတ်မှုဖြစ်ပွားပြီး၂ရက်နေ့တွင် အလောင်းကိုတွေ့ရှိကာ ၁၄နာရီအတွင်းဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။

ဓားဒဏ်ရာများဖြင့် သေဆုံးသူအမျိုးသားမှာ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်နေအသက် ၂၈ နှစ်အရွယ် ကြက်ကလေး(ခ)နေလင်းထွန်း ဖြစ်သည်။

ရဲတပ်ဖွဲ့ထုပ်ပြန်ချက်အရသေဆုံးသူနေလင်းထွန်းသည် အသတ်ခံရမည့်ညတွင် သူငယ်ချင်းများနှင့်အရက်သောက်ရင်း မိတ်ဆွေဖြစ်သူ မေသူလွင်ဆိုသူထံဖုန်းဆက်ခဲ့ကြောင်း ၊ ထိုသို့ ဖုန်းဆက်သည်ကို မေသူလွင်၏ အမျိုးသားစည်သူအောင် သိရှိရာမှ ဒေါသထွက်ခဲ့ကြောင်း၊ ထို့နောက်စည်သူအောင်က မေသူလွင်၏ ညီမ မေသဇင်ကို သေဆုံးသူ နေလင်းထွန်းထံဖုန်းဆက်ခိုင်းပြီး နတ်ချောင်းရပ်ကွက်၊ မေတ္တာမွန်အိမ်ရာဝင်းတွင် တွေ့ဆုံရန်ချိန်း ဆိုစေခဲ့ကြောင်းသိရသည်။ ထို့နောက် ချိန်းဆိုထားသည့် နေရာတွင်ရောက်ရှိနေသော နေလင်းထွန်းကို စည်သူအောင်နှင့်   ကျော်ကြီး(ခ)ကျော်မင်းလှိုင်တို့က ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ အခင်းဖြစ်ပွားချိန်တွင် မေသူလွင်မှာ အနီးရှိ လက်ဖက်ရည်ဆိုင်တွင်ရှိနေပြီး မေသဇင်မှာလိုက် လာပြီးနောက် အိမ်ပြန်သွားခဲ့သည်ဟုဆိုသည်။

ယင်းလူသတ်မှုကို ရဲတပ်ဖွဲ့က သေဆုံးသူ၏ ပျောက်ဆုံးနေသော ဖုန်းနံပတ်မှတဆင့် အချိန်တိုအတွင်း စုံးစမ်းစစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စည်သူအောင်ပါ (၄) ဦးတို့အား တာမွေမြို့မရဲစခန်း(ပ)၆၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ (၄)ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/၃၄/၁၁၄ ဖြင့် တရားစွဲရန် လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required