ပေစိလက်ရာ ထမင်းသုပ်

ပေစိလက်ရာ ထမင်းသုပ်

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ ထမင်းလက်သုပ်လေး လုပ်စားကြမယ်နော်။ ထမင်းနဲ့ ဟင်းနဲ့ တွဲဖက်စားသောက်ရတာ ငြီးငွေ့လာတဲ့ အခါမျိုးမှာ အပြောင်းအလဲလေး အနေနဲ့ ထမင်းလက်သုပ်လေး သုပ်စားကြည့်ပါ။

လိုအပ်တာတွေကတော့

ပေါ်ဆန်းမွှေးဆန် ၂ဘူး  (မပျော့မမာလေးချက်ထားပါ)

ပုဇွန်ခြောက် အနည်းငယ်( အမှုန့်ကြိတ်ထားပါ)

ကြက်သွန်ဖြူနီ အနည်းငယ် (ပါးပါးလှီး ဆီသတ်ထားပါ)

ဆီနီဆီချက်  (ဆီပူပူထဲကို ငရုတ်အပုမှုန့်ထည့်ချက်ထားပါ ဆီပူထဲကို ငရုတ်အမှုန့်ထည့်ပြီးတာနဲ့ မီးပိတ်ပါ မဟုတ်ရင် တူးခါးသွားတက်ပါတယ်)

ခရမ်းချဉ်သီး  အနည်းငယ်  (ပါးပါးလှီးထားပါ)

ပဲတောင့်ရှည် အနည်းငယ်  (ပါးပါးလှီးထားပါ)

ပဲပင်ပေါက် အနည်းငယ်  (ရေနွေးဖျောထားပါ)

နံနံပင်      အနည်းငယ်

မကျီးရည်       အနည်းငယ်

ငံပြာရည်        အနည်းငယ်

ဆား    အနည်းငယ်

ပဲမှုန့်အကျက်မှုန့် အနည်းငယ်

မြေပဲဆံကြော် အနည်းငယ်

ငါးဖယ်ကြော် အနည်းငယ်  (ပါးပါးလှီးထားပါ)

တို့ပဲ ဖြစ်ပါတယ်။

သားသတ်လွတ် စားချင်တယ်ဆိုရင်တော့ ငံပြာရည် ပုဇွန်ခြောက်မှုန့် ငါးဖယ်ကြော် တို့မထည့်ပဲ သုပ်နိုင်ပါတယ်။

ထမင်းသုပ်ဖို့က ထမင်းကိုချက်ထားပြီး အအေးခံထားမှ ထမင်းက တစေ့ချင်းစီလေးဖြစ်ပြီး သုပ်တဲ့အခါ ထမင်းလုံးမပျက်မှာပါ။ အဝကျယ်တဲ့ ဇလုံတစ်ခုထဲ  ထမင်းနဲ့ အဆာပလာ ပါဝင်ပစ္စည်းတွေထည့်ပါ။ ဆီနီချက် ကြက်သွန်ဆီချက် များများထည့်ပြီး မကျီးရည် ငံပြာရည်နဲ့ ဆားတို့ကို သင့်တော်သလို ထည့်သုပ်ပါ။ အပေါ့အငန်မြည်းပါ။ အရသာအဆင်ပြေပြီဆိုရင်တော့ မိမိ နှစ်သက်သလို ပြင်ဆင်စားသောက်နိုင်ပါပြီ။

ထမင်းလက်သုပ်က ပြင်ဆင်ရအမယ်တွေများလို့သာ အလုပ်ရှုပ်တယ်ထင်ရပေမယ့် အားလုံးပြင်ဆင်ပြီးရင်တော့ သုပ်ပြီး စားလိုက်ရုံပဲဆိုတော့ ပြင်ရဆင်ရတုန်းမောသမျှကို ထမင်းသုပ်ဆိမ့်ဆိမ့်လေး စားပြီး အမောဖြေနိုင်ပါတယ်။ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly