သမ္မတဟောင်း ဦးသိန်းစိန်က ရခိုင်ဒေသခံများအတွက် ငွေကျပ် သိန်း ၅၀ လှူဒါန်း

သမ္မတဟောင်း ဦးသိန်းစိန်က ရခိုင်ဒေသခံများအတွက် ငွေကျပ် သိန်း ၅၀ လှူဒါန်း
(ဓာတ်ပုံ- Aung Paing Min ဖေ့စ်ဘွတ်မှ)

နေပြည်တော်(စက်တင်ဘာ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ARSA အစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် တိုင်းရင်းသား ပြည်သူများအတွက် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က အလှူငွေ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှတစ်ဆင့် လှူဒါန်းခြင်းဖြစ်သည်ဟု အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ပိုင်မင်းက စက်တင်ဘာ ၂ရက်၊ ညဦးပိုင်းတွင် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

“အဲ့ဒီမှာ လုပ်မယ့် လုပ်ငန်းတွေအတွက် သိန်း (၅၀) လှူဒါန်းတာပါ။ ပြည်သူလူထုကိုလည်း သေချာလေး အားပေးပေးပါ ဆိုပြီးတော့မှ လှူဒါန်းလာတာ ဖြစ်ပါတယ်။” ဟု ဦးအောင်ပိုင်မင်းက ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်  စစ်တွေမြို့ပေါ်တွင် လူဦးရေထောင်ချီကာ တိမ်းရှောင်နေကြရပြီး အစိုးရအပြင် ပြည်တွင်းရှိ ပရဟိတအသင်းအဖွဲ့များက ထောက်ပံ့၊ လှူဒါန်းမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန်အား ချစ်ခင်လေးစားသူများက လွန်ခဲ့သည့် တစ်နှစ်ခွဲက စတင်ဖွဲ့စည်းလိုက်သော ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအနေဖြင့် စက်တင်ဘာလ ၂ရက်နေ့ တစ်ရက်ထဲတွင် ကျပ်သိန်း ၂၀ခန့် တန်ဖိုးရှိသည့် စောင်၊ ခြင်ထောင်များ လှူဒါန်းပေးခဲ့ပြီး လှူဒါန်း၊ ထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးအောင်ပိုင်မင်းက ဆိုသည်။

ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှ စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။

ထိုတိုက်ခိုက်မှုကို Arakan Rohingya Salvation Army (ARSA) အစွန်းရောက် အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ တပ်မတော်သား ၁ဦး၊ စုစုပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ဦးနှင့် လ.ဝ.က ဝန်ထမ်း ၁ဦးတို့ ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉ဦးနှင့် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိကာ လက်နက် ၆လက် ဆုံးရှုံးခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံတိုင်းရင်းသား ၂၃၂၆ ဦး၊ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်းရင်းသား ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦး တို့အား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ နယ်မြေခံတပ် ဌာနချုပ်များ၊ ကျေးရွာ ၃၃ ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင် ကျောင်းများသို့ ပြောင်းရွှေ့နေရာချထားပေးထားသည်ဟုလည်း အစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required