ခရီးသည်တစ်ဦး ခရီးဆောင်အိတ်မှ ကျပ် ၁၃၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ခရီးသည်တစ်ဦး ခရီးဆောင်အိတ်မှ ကျပ် ၁၃၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဓာတ်ပုံ-မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ စက်တင်ဘာလ ၂ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးဂိတ်တွင် ခရီး သည်တင် မှန်လုံယာဉ်ပေါ်လိုက်ပါလာသော ဇတန်ခေါင်လွမ်းဆိုသူ၏ ခရီးဆောင်အိတ်အတွင်းမှ ကျပ် ၁၃၄ သိန်း တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးသတင်းအရ မန္တလေး မူးယစ်တပ်ဖွဲ့စု(၁၇)မှ ရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ စက်တင်ဘာလ ၁ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် (၁၆) မိုင်ကျောက်ချောစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် မှန်လုံယာဉ်အား ရှာဖွေရာမှ အဆိုပါ ကျပ် ၁၃၄ သိန်း တန်းဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးသည်ယာဉ်ပေါ်မှ ခုံအမှတ်(၁၇)တွင် လိုက်ပါလာသော အသက် ၄၅ နှစ်အရွယ် ဇတန်ခေါင်လွမ်း ဆိုသူ၏ ထိုင်ခုံအောက်ရှိ ခရီးဆောင်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၁၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ဟုယူဆရသော ဖြူဝါရောင်အမှုန့် စုစုပေါင်းအလေးချိန် ၁၂၀ ဂရမ်(တန်ဖိုး ၈၄ သိန်း)၊ ကပ်ခွာအိတ်များဖြင့် ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝ ပြား၊ အလေးချိန် ၁ဝဝ ဂရမ်(တန်ဖိုး ကျပ်သိန်း ၅ဝ)တို့အား ရှာဖွေရရှိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိသူ ဇတန်ခေါင်လွမ်း ဆိုသူမှာရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၂) တွင်နေထိုင်သူဖြစ်ပြီး လက်ရှိတွင်  ၎င်းကိုအုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly