Galaxy Star Myanmar 2017 Winner အဖြစ် ​နေမင်​းအိမ်​ ရွေးချယ်ခြင်းခံရ

Galaxy Star Myanmar 2017 Winner အဖြစ် ​နေမင်​းအိမ်​ ရွေးချယ်ခြင်းခံရ
(ဓာတ်ပုံ - Galaxy Star Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၁ ။  ။ Galaxy Star Myanmar 2017 Winner အဖြစ် ရွေးချယ်မည့် Grand Final ပြိုင်ပွဲတွင် Top 2 အဖြစ် ရွေးချယ်ခြင်း ခံထားရသည့် ဆန်းသူအောင် (ခေါ်) Key နှင့် နေမင်းအိမ်တို့ နှစ်ဦး ယှဉ်ပြိုင်ခဲ့ကြရာတွင် ပြိုင်ပွဲဝင် နေမင်းအိမ်က Galaxy Star Myanmar 2017 Winner အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

Galaxy Star Myanmar 2017 အတွက် တစ်နိုင်ငံလုံးမှ လာရောက် လျှောက်ထားကြသူများထဲမှ ဆန်ခါတင် ပြိုင်ပွဲဝင် ၁၀ဦးကို ရွေးချယ်ခဲ့သည်။ ထို ၁၀ဦးသည် ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ အခုခါမှာတော့ Galaxy Star Myanmar 2017 အတွက် အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဆန်ခါတင် ပြိုင်ပွဲဝင် ၁၀ဦး မှ ပြိုင်ပွဲဝင် ၈ဦး ၊ ၈ဦး မှ ၅ဦး ၊ ၅ဦးမှ ယခုအခါ Grand Final အဆင့်ကို ၂ဦး ရွေးချယ်ခဲ့ပြီး ညထို ပြိုင်ပွဲဝင် ၂ဦး မှ ၁ဦးသည် Galaxy Star Myanmar 2017 Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

ထိုပြိုင်ပွဲတွင် Winner ဖြစ်သူကို ပရိသတ်၏ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးမှု ၅၀ %( ၁၀% Online Vote၊ ၄၀% SMS) ၊ အကဲဖြတ် ဒိုင်လူကြီးတွေ၏ အကဲဖြတ်မှု ၅၀% တို့နှင့် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲဝင် ၂ဦး ဖြစ်သည့် ဆန်းသူအောင် (ခေါ်) Key နှင့် နေမင်းအိမ်တို့သည် Grand Final ပြိုင်ပွဲတွင် တေးသီချင်း ၂ပုဒ်စီဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်တွေပေးသည့် အမှတ်တွေ တူညီမှု ရရှိခဲ့ကာ ပရိသတ်၏ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးမှုမှာ ကွာခြားသွားခဲ့ပြီး နေမင်းအိမိက Winner အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင် နေမင်းအိမ်က "လာရောက် အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကျေးဇူးတင်ပါတယ်။ အကောင်းဆုံးကြိုးစားမှုတွေနဲ့ ဂီတလမ်းကြောင်းကို ဆက်လျှောက်သွားမှာပါ။ ဒီညကို နေမင်းအိမ် ညဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု အဆိုပါပွဲတွင် ပြောကြားခဲ့သည်။

Galaxy Star Myanmar 2017 ပြိုင်ပွဲတွင် အဆိုတော် ဂရေဟမ်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်းနှင့် J-Me တို့မှ အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ခဲ့ပြီး ကောင်းထက်ဇော်နှင့် ဆန်းသစ်လတို့က အစီအစဉ် တင်ဆက်သူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

Galaxy Star Myanmar 2017 Winner နေမင်းအိမ်သည် ဆုကြေးငွေအဖြစ် မြန်မာငွေကျပ် သိန်း တစ်ထောင် (၁၀၀, ၀၀၀, ၀၀၀ ကျပ်) နှင့် တစ်နှစ်အတွင်း ပထမဆုံး ကိုယ်ပိုင်တေးစီးရီး Single Album ကို ကိုရီးယားနိုင်ငံတွင် ရိုက်ကူး ထုတ်လုပ်နိုင်မည့် အခွင့်အရေးများ ရရှိပိုင်ဆိုင်ခဲ့သည်။

ထိုပြိုင်ပွဲကို Samsung Myanmar နှင့် Ooredoo Myanmar တို့မှ Namin Co., Ltd နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းရှိ အသစ်လွင်ဆုံးနှင့် အရည်အချင်းအရှိဆုံးသော ကြယ်ပွင့်များ မွေးထုတ်ပေးနိုင်မည့် ရုပ်သံအစီအစဉ်သစ်အဖြစ် စတင်ထုတ်လုပ်ခဲ့သည်။

မြန်မာနိုင်ငံအနှံံ့အပြားရှိ များပြားလှသည့် ပြိုင်ပွဲဝင်ပေါင်း ၂၅,၀၀၀ ကျော်ဖြင့် စတင်နိုင်ခဲ့ပြီး အသက် ၁၅ နှစ် မှ ၃၅နှစ်ကြား လူငယ်အများအပြားမှ မတူညီသည့် ဂီတအမျိုးအစားများ၊ မတူညီသည့် အရည်အချင်းအမျိုးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly