သေနတ်သမားကြည်လင်းအား အကျဉ်းသား ပုံစံဖြင့်စတင် ရုံးထုတ်

သေနတ်သမားကြည်လင်းအား အကျဉ်းသား ပုံစံဖြင့်စတင် ရုံးထုတ်

ရန်ကုန်၊ စက်တင်ဘာလ ၁ ။          ။ ရှေ့နေဦးကိုနီအား ရန်ကုန်လေဆိပ်တွင် လုပ်ကြံခဲ့သော သေနတ်သမားကြည်လင်းကို ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းတွင် အကျဉ်းသားပုံစံ   ခြေကျင်းများဖြင့် ရုံးထုတ်ခဲ့သည်။

ထိုသို့ ကြည်လင်းအား အကျဉ်းသားဝတ်စုံဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းမှာ သြဂုတ်လ ၃ဝ ရက်နေ့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ကြည်လင်းအား စွဲဆိုထားသည့် လ.ဝ.က ဥပဒေပုဒ်မ - ၁၃/၁ ဖြင့် ထောင်ဒဏ် ၁ နှစ်ကျခံစေရန်အမိန့်ချမှတ်လိုက်သည့် အတွက် အကျဉ်းသားပုံစံဖြင့် ရုံးထုတ်ခြင်းဖြစ်ကြောင်းသိရသည်။

" တရားခံကြည်လင်းနဲ့ ပတ်သက်ပြီးတော့ မင်္ဂလာဒုံမြို့နယ်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် ၄၄၇/ ၂ဝ၁၇မှာ သူကို အကြမ်းဖျင်းပြောရင် လ.ဝ.က ဥပဒေပုဒ်မ - ၁၃/၁ နဲ့စွဲဆိုထားတာရှိပါတယ်။ အဲ့ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ၈ လပိုင်း ၃ဝ ရက်နေ့က ထောင်တစ်နှစ်ကျခံဖို့အမိန့်ချလိုက်ပါတယ်။ အမိန့်ချလိုက်တဲ့အတွက်ကြောင့် သူက သာမာန်အချုပ်သား တရားခံမဟုတ်တော့ဘဲနဲ့   ထောင်ကျတရားခံဖြစ်တဲ့အတွက် သူကို ထောင်ကျဝတ်စုံနဲ့ ဒီနေ့ အထူးခုံရုံးကို ထွက်လာတာဖြစ်ပါတယ်"ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင်ရှေ့နေဦးကိုနီနှင့် တရားခံဖမ်းဆီးရာတွင် ကူညီပေးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ ရန်ကုန်လေဆိပ်တွင် အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးအား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ထ့ိုပြင် အဆိုပါအမှုနှင့် ပတ်သက်၍ လူသတ်မှုအတွက် တရားလိုပြသက်သေ ၃ ဦးကိုလည်း အထူးခုံရုံးတွင် စစ်ဆေးခဲ့သည်။

အဆိုပါလူသတ်မှုအတွက် တရားလိုပြသက်သေ အယောက် ၈ဝ ထိ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးတွင် တင်ထားပြီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းထိ လိုပြသက်သေ အယောက် ၃ဝ  စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည်။

ယင်းလူသတ်မှုအတွက် ဇွန်လ ၇ ရက်နေ့ ရုံးချိန်းမှစတင်ပြီး တရားလိုပြသက်သေများအား စစ်ဆေးနေခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလ ၈ ရက်နေ့ကို ထပ်မံရုံးချိန်း ချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required