မတရားသင်း ပုဒ်မဖြင့် တရားစွဲခံရသူ ရဲဘော်မင်းဋ္ဌေး အပြီးသတ်လွတ်မြောက်

မတရားသင်း ပုဒ်မဖြင့် တရားစွဲခံရသူ ရဲဘော်မင်းဋ္ဌေး အပြီးသတ်လွတ်မြောက်

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇ /၁ ဖြင့် ဖမ်းဆီးခံနေရသူ ရဲဘော် မင်းဌေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် မိုးမောက်မြို့နယ် တရားရုံးက အပြီးလွှတ်ပေးလိုက်သည်။

“တရားရုံးက အပြီးသတ်အမိန့်ချလိုက်တယ်။ မတရားအသင်းနဲ့ ဆက်သွယ်မှု တရားလိုဘက်က ပြတဲ့ အထောက်အထားတွေက ခိုင်မာမှု မရှိဘူးတဲ့။ အဲဒါကြောင့်မို့ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ မမြောက်ဘူးဆိုပြီးမှ တခါတည်းအပြီးသတ် လွတ်ပေးလိုက်တယ်”ဟု လွတ်မြောက်လာသူ ရဲဘော်မင်းဌေးက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် ရဲဘော် မင်းဌေး၏ အမှု ချုပ်ရက်ပေါင်း ၂၄၀ (၈ လနှင့် ၄ ရက်) ၂၇ ကြိမ်မြောက် ရုံးချိန်းတွင် အပြစ်မရှိကြောင်း အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့က အစိုးရ ရှေ့နေဘက်မှ အပြစ်ပေးသင့်ကြောင်း လျှောက်လဲချက်တင်ခဲ့ပြီး ABSDF ဘက်ကမူ အထောက်အထား မခိုင်လုံကြောင်း လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“နဂိုကနည်းက ကျနော်တို့ ဥပဒေလမ်းကြောင်းအရ သွားခဲ့တယ်။ တရားဥပဒေအရ အပြစ်မရှိဘူးဆိုတာကိုတော့ ကျနော်တို့ဘက် ရင်ဆိုင်တယ်။ တဖက်ကတော့ သံသယနဲ့ပေါ့ဗျား။ တရားလိုဘက်က တော့စွဲတာပေါ့။ ဒါကို ကျနော်တို့ ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်ပြီးမှ ဒီဟာကို ဖြေရှင်းတာပေါ့။ တရားရုံးက မှန်မှန်ကန်ကန် အပြစ်မရှိဘူးဆိုတဲ့အကြောင်းကို ဆုံးဖြတ်လိုက်တယ်ပေါ့”ဟု ရဲဘော်မင်းဌေးက ပြောသည်။

ယနေ့ ၁၇/ ၁ ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းထောက်များအား တပ်မတော်ဘက်ကနေ ဖြေလျော့ပြီး လွှတ်ပေးလိုက်မှုအပေါ် အနာဂတ်အတွက် ကောင်းမွန်ပြီး ကြိုဆိုသော်လည်း သူ့အား လတ်ပေးလိုက်ခြင်းသည် မူလကတည်းက အပြစ်မရှိဘဲ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

သူ့ကို ဖမ်းဆီးပြီး ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ မှ ဗိုလ်ကြီး သက်ဆွေလင်းက မတရားအသင်း ပုဒ်မ ၁၇၊၁ဖြင့် တရားလို ပြုလုပ်၍ တရာလိုဘက်မှ သက်သေ ၁၀ ဦး စစ်ဆေခဲ့ရာ တရာခံ သက်သေ ၂ ဦး စစ်ဆေး၍ ယနေ့တွင် အပြီးသတ်လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ် မိုးမောက်မြို့နယ် စိန်လုံ စစ်ဆေးရေးဂိတ်တွင် တပ်မတော်က ဖမ်းဆီးကာ ဗန်းမော်အကျင်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly