ကိုရီးယားတွင် အလုပ်လုပ်မည့်သူများအတွက် အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ် သြဂုတ်လအတွင်း စတင်မည်

ကိုရီးယားတွင် အလုပ်လုပ်မည့်သူများအတွက် အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ် သြဂုတ်လအတွင်း စတင်မည်

ရန်ကုန်၊ သြဂုတ် ၁၂ ။        ။ မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် သူများအတွက် အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်မည့် ရှေ့ပြေးလုပ်ငန်း အစီအစဉ် တစ်ရပ်ကို ယခု သြဂုတ်လမှ စတင်ပြီး ပြည်တွင်းတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်မှာ ကိုရီးယားဘာသာစကား တတ်မြောက်မှု စစ်ဆေးသည့် (EPS-TOPIK) စာမေးပွဲဖြေဆို အောင်မြင်ရမည်ဖြစ်ပြီး ဒုတိယ အနေဖြင့် လုပ်ငန်း အတွေ့အကြုံ ဆိုင်ရာစစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ စနစ်ဖြင့် အလုပ်ခန့်ထားမှုသည် ကိုရီးယား ဘာသာစကား စာမေးပွဲရမှတ်အပေါ်သာ အခြေပြု ခန့်ထားသည့် စနစ် မဟုတ်ဘဲလျှောက်ထားသူ တစ်ဦးချင်း၏ အခြေခံ ကျွမ်းကျင်မှု လုပ်ငန်းဆိုင်ရာ အခြေအနေ၊ လုပ်ငန်း အတွေ့အကြုံ စသည်တို့ကိုပါ စီစစ်ခြင်းဖြစ်သည်။

အမှတ်ပေးစနစ်ဖြင့် စီစစ်ရာတွင် အလုပ်အကိုင် အမျိုးအစားအလိုက် အမှတ်အနည်းမျာ တန်းစီ၍ အလုပ်ရှင်သို့ မိတ်ဆက်ပေးကာ အလုပ်ရှင်၏ ဆန္ဒဖြင့် ရွေးချယ်မှု ပြုခြင်းဖြစ်သည်။  ပထမအဆင့် လူတွေ့ စစ်ဆေးခံယူရမည်ဖြစ်ပြီး ပထမအဆင့် အောင်စာရင်း၌ ပါဝင်သူများကို ဒုတိယ အဆင့်အနေဖြင့် အခြေခံ ကျွမ်းကျင်မှုနှင့် လုပ်ကိုင်နိုင်မှု စွမ်းရည် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင်ပါဝင်သည်။

အလုပ်ခန့်ထားရာတွင ်အဆိုပါ စစ်ဆေးမှုများနှင့် ကိုရီးယား ဘာသာစကား ကျွမ်းကျင်မှု ရမှတ်များပေါင်း၍ အခြေပြု စဉ်းစားမည် ဖြစ်သည်။

ယင်းကဲ့သို့ အမှတ်ပေးစနစ်ဖြင့် စီစစ်ခြင်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကိုရီးယားသို့ အလုပ်သမား ပေးပို့သည့် ၁၅ နိုင်ငံလုံးတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို ကိုရီးယား သမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနနှင့် လူ့စွမ်းအား ဖွံ့ဖြိုးမှု လုပ်ငန်းအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်ကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ၊ အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့်အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly