ကျေးရွာမီးလင်းရေးကော်မတီ ငွေအလွဲသုံးစားလုပ်ပါက ပြန်ရွေးချယ်ဖွဲ့စည်းမည်

ကျေးရွာမီးလင်းရေးကော်မတီ ငွေအလွဲသုံးစားလုပ်ပါက ပြန်ရွေးချယ်ဖွဲ့စည်းမည်
လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် (ဓာတ်ပုံ - MNA)

နေပြည်တော်၊ သြဂုတ် ၃၁။       ။ ကျေးရွာမီးလင်းရေးကော်မတီများအနေဖြင့် ငွေအလွဲသုံးစားမှု ထင်ရှားပါက ကော်မတီကို ဖျက်သိမ်းပြီး ကျေးရွာပြည်သူများထဲမှ ပြန်လည်ရွေးချယ်ပြီး တင်နိုင်ရန် စီစဉ်နေကြောင်း လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

“မီးလင်းရေးကော်မတီက နှစ်စဉ် ငွေစာရင်းရှင်းနိုင်ဖို့နဲ့ ငွေအလွဲသုံးစားမှု ထင်ရှားနေလို့ရှိရင် ကော်မတီကို ဖျက်သိမ်းပြီး ကျေးရွာက ပြည်သူတွေကနေပြီးတော့ ပြန်လည်ရွေးချယ်ဖွဲ့စည်းဖို့ ဒီလိုအချက်အလက်တွေ ပါဝင်တဲ့မူများကို ပြင်ဆင်ရေးဆွဲနိုင်ဖို့အတွက်လည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း ညှိုနှိုင်းပြီး ဒီကျေးရွာ မီးလင်းရေး ကော်မတီများအတွက် လုပ်ထုံးလုပ်နည်းများ ညှိုနှိုင်းဆွေးနွေးသွားဖို့ ရာ စီစဉ်ဆောင်ရွက်သွားဖို့ ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း” ဒေါက်တာထွန်းနိုင်က ယနေ့ သြဂုတ် ၃၁ ရက်နေ့၊  အမျိုးသားလွှတ်တော်တွင် ပြောသည်။

ကျေးရွာမှ ငွေကြေးစုဆောင်းပြီး ကျေးရွာရပ်မိရပ်ဖများကို ကျေးရွာပြည်သူတွေက ရွေးချယ်ကာ ကျေးရွာကော်မတီအဖြစ် ရွေးချယ် ဖွဲ့စည်းကြခြင်းဖြစ်သည်။ အဆိုပါ ဖွဲ့စည်းတဲ့ ကျေးရွာ မီးလင်းရေးကော်မတီကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ အတည်ပြုဆောင်ရွက်ပေးရပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကတော့ အဆိုပါကဲ့သို့ ဖွဲ့စည်းထားသော ကျေးရွာ မီးလင်းရေးကော်မတီများ လိုက်နာဆောင်ရွက်ရမယ့် အချက် ၁၂ချက်ကို သတ်မှတ်ထားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး ၏ ကျေးလက်ဒေသများ၏ လူနေမှုဘဝနှင့် အခြေခံအဆောက်အအုံမြှင့်တင်ရေးတွင် ကျေးလက်နေ လူတန်းစားအားလုံး ပါဝင်လာနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးကော်မတီများ၏ မူများကို သက်ဆိုင်ရာဌာနများမှ ပြင်ဆင်ရေးဆွဲ၊ အတည်ပြု၊ ပြဌာန်း အကောင်အထည်ဖော် ဆောင်ရွက် အစီစဉ်ရှိ/မရှိနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဦးကျော်မြင့်ဦးက တစ်ချို့ ကော်မတီတွေဟာ ငွေကြေး အရှုပ်အရှင်းကြောင့် အပြန်အလှန်တရားစွဲဆိုမှုများကြောင့် အမှုရင်ဆိုင်နေသည့်အခါမျိုးတွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နှောင့်နှေးနေပြီး မီးလင်းသည့် အိမ်အရေအတွက် တိုးမလာသည့်အတွက်ကြောင့် ကျေးရွာ မီးလင်းရေးကော်မတီများကို ၂နှစ်တစ်ကြိမ်၊ ၃နှစ်တစ်ကြိမ် သတ်မှတ်ပေးပြီး၊ ငွေကြေးနှင့်ဆိုင်သည့် ပြသာနာများကို ဆိုင်ရာဌာန လျှပ်စစ်ဌာနတို့မှ အမှုတွဲ ပေါ်ပေါက်လာသည်အထိ ယာယီထိန်းသိမ်းထားစေလိုကြောင်း မေးမြန်းခဲ့သည်။

ထို့ကြောင့် လျှပ်စစ်ဒုဝန်ကြီးက “လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားသကဲ့သို့ ကျေးရွာအသီးသီးမှာ မတူညီ ခြားနားတဲ့ အချက်တွေ ရှိကြတာ မှန်ပါတယ်။ အောင်မြင်စွာ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်ပေါင်းလည်း များစွာရှိတာမှန်ပါတယ်။ ဒီအတွက် မီးလင်းရေးကော်မတီတွေရဲ့ အသင်းအဖွဲ့တွေကို ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ကျေးရွာ လူထုကနေပြီးတာ့ ပွင့်လင်းမြင်သာစွာ မဲစနစ်နဲ့ ရွေးချယ်နိုင်ရေး မီးလင်းရေးကော်မတီတို့ရဲ့ သက်တမ်း သက်မှတ်နိုင်ရေး သတ်တမ်းပြည့်သွားလို့ရှိရင် ထပ်မံ ရွေးချယ်နိုင်ရေး စတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေဟာလည်း ဒီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ဘက်ကနေ ပေါင်းစပ်ဆောင်ရွက်မှသာ ပြေလည်မှာ”ဟု ပြောသည်။

ဝန်ကြီးဌာန၏ စာရင်းဇယားများအရ ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိပြီး သုံးသောင်းကျော် မီးလင်း၍ မီးလင်းထားသည့် သုံးသောင်းအနက်မှာ ဓာတ်အားနှင့် တစ်သောင်းကျော် လင်းပြီး၊ အခြားနည်းဖြင့် ကျေးရွာ နှစ်သောင်းကျော် မီးလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly