လူ့အခွင့်အရေးသည် အလေးထားရမည့်ကိစ္စ ဖြစ်သည်ဟု ဒူတာတေးကို ပြင်သစ်အစိုးရပြောကြား

လူ့အခွင့်အရေးသည် အလေးထားရမည့်ကိစ္စ ဖြစ်သည်ဟု ဒူတာတေးကို ပြင်သစ်အစိုးရပြောကြား

 

မနီလာ (ဖိလစ်ပိုင်) သြဂုတ် ၃၁ ။                     ။ ဖိလစ်ပိုင်သမ္မတရိုဒီရီဂိုဒူတာတေး၏ မူးယစ်စစ်ပွဲနှင့် ပက်သက်သော အငြင်းအခုန်ကိစ္စထဲတွင် ပြင်သစ်နိုင်ငံ ပါဝင်လာခဲ့ပြီး ဒူတာတေးအနေဖြင့် တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေးကို အလေးထားရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံတွင် တရားခံသည် အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်မချင်း အပြစ်ရှိသည်ဟု မှတ်ယူလေ့ရှိ ကြောင်း ဒူတာတေးက မှတ်ချက်ပေးခဲ့ခြင်းနှင့်ပက်သက်၍ ပြင်သစ်သံရုံးက ကြေညာချက်တစ်ခုထုတ်ပြန်ကာ ငြင်းဆန်ခဲ့ပြီး ၎င်းတို့သည် လူ့အခွင့်အရေးကို အလေးထားကြောင်း ပြန်လည်ချေပခဲ့သည်။

“ပြင်သစ်ရဲ့ တရားစီရင်ရေးစနစ်ထဲက အဓိကကျတဲ့အချက်ကတော့ ပြစ်မှုထင်ရှားကြောင်း သက်သေမပြနိုင် သရွေ့ တရားခံဟာ အပြစ်ကင်းစင်တယ်လို့ မှတ်ယူတယ်ဆိုတာကို ကျနော်တို့ထောက်ပြချင်ပါတယ်။ ဒီအချက် ဟာ ၁၇၈၉ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ လူ့အခွင့်အရေးနှင့် ပြည်သူ့နီတိ ကြေညာစာတမ်းထဲမှာ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခု ဖြစ်ပါတယ်” ဟု ပြင်သစ်သံရုံးက ထုတ်ပြန်ခဲ့ သော ကြေညာချက်ထဲ၌ ဖော်ပြထားသည်။

ဒါ့အပြင် “တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့အရာဖြစ်တယ်လို့ ပြင်သစ်အစိုးရက လေးလေးနက်နက် ယုံကြည်ပါတယ်။ ဒါကြောင့်ပဲ ဖိလစ်ပိုင်အပါအဝင် နိုင်ငံအားလုံးမှာ လူ့အခွင့်အရေးကို အလေးထားပေးကြဖို့ မျှော်လင့်ပါတယ်” ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သောတနင်္လာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကုလသမဂ္ဂကို အစီအရင်ခံစာတင် မည့် အက်ဂ်နက်စ်ကာလာမာ့ဒ်ဆိုသော အမျိုးသမီးက ဖိလစ်ပိုင်၏မူးယစ်စစ်ပွဲအတွင်း၌ ရဲတစ်ဦး၏ပစ်ခတ်မှု ကြောင့် သေဆုံးသွားခဲ့သော အသက် ၁၇နှစ် အရွယ် လူငယ်တစ်ဦးနှင့် ပက်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန် ခဲ့ပြီး ထိုဝေဖန်ချက်ကို ဒူတာတေးက ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

သူ၏မူးယစ်စစ်ပွဲကို ဝေဖန်လေ့ရှိသူများအား ကြမ်းတမ်းသောစကားလုံးများဖြင့် တုံ့ပြန်လေ့ရှိသည့် ဒူတာတေး သည် ယခုအကြိမ်တွင်လည်း ရိုင်းစိုင်းသော စကားလုံးများဖြင့် ဒေါသတကြီး ပြောဆိုခဲ့သည်။

“မိန်းမပျက်ကမွေးတဲ့သမီးပါပဲ။ ကျုပ်ကိုလာပြီး ခြောက်လှန့်ရဲလားလို့ သူမကိုပြောလိုက်စမ်းပါ။ သူမဟာ တကယ့် ငတုံးငအပါပဲ။ ဒီရူးနှမ်းနေတဲ့ အမျိုးသမီးက ဘယ်ကနေလာတာလဲ” ဟု ဒူတာတေးက ပြောခဲ့သည်။

ထို့နောက်တွင် သူမသည်ပြင်သစ်မှလာသည်ဟု သိသွားသောအချိန်၌ ဒူတာတေးက “ ပြင်သစ်နိုင်ငံမှာ တရားခံ တွေကို အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်သေးသရွေ့ အပြစ်ရှိတယ်လို့ မှတ်ယူထားကြပါတယ်။ သူမ မွေးတဲ့အရပ်မှာတောင်မှ ဒီလိုမျိုးကိစ္စတွေ ဖြစ်ပျက်နေတာပါ။ သူမဟာ တကယ့်ကို ငတုံးငအပဲ” ဟု ပြောခဲ့သည်။

ထို့ကြောင့် ဒူတာတေး၏ပြောဆိုချက်ကို ပြန်လည်ချေပသည့်အနေဖြင့် ပြစ်သစ်သံရုံးမှ ယခုလိုကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required