ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလလုံခြံုရေးကောင်စီမှာ အရေးပေါ်တံခါးပိတ်အစည်းအဝေးပြုလုပ်

ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလလုံခြံုရေးကောင်စီမှာ အရေးပေါ်တံခါးပိတ်အစည်းအဝေးပြုလုပ်

 

သြဂုတ် ၃၁ ။                        ။ ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သြဂုတ်လ  ၃၀ ရက်က အရေးပေါ် တံခါးပိတ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ဆွေးနွေးမှုတွေ   ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် မြန်မာ့တပ်မတော်က လုံခြုံရေးရှင်းလင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေရပြီး ပြည်နယ်ကနေလည်း ဘင်္ဂလီမွတ်ဆလင် ၁၈,၅၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ကနေတဆင့် ဖြတ်ကျော် ထွက်ပြေးခဲ့ကြရပါတယ်။

တံခါးပိတ်အစည်းအဝေးပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီဆီကနေ တရားဝင်ထုတ်ပြန်ချက် ထွက်ရှိလာသေးခြင်းမရှိခဲ့သေးသလို ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာကိုလည်း သိရှိရသေးခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ရခိုင်မှာ တင်းမာမှုအခြေအနေတွေကို လျှော့ချထိန်းသိမ်းဖို့ ကောင်စီအဖွဲ့ဝင်တွေက တောင်းဆိုမှုတွေ ရှိခဲ့တယ်ဆိုပြီး ဗြိတိန်သံအမတ်ကြီး Matthew Rycroft က ပြောပါတယ်။

" ကျွန်တော်တို့အားလုံးကတော့ ဒီအကြမ်းဖက်မှုကို ရှုတ်ချပါတယ်၊ သက်ဆိုင်ရာ ပါဝင်သူအားလုံးကိုလည်း အခြေအနေတွေကို ထိန်းသိမ်းလျှော့ချပေးကြဖု့ိ ကျွန်တော်တို့အားလုံးက   တောင်းဆိုလိုပါတယ်"  ဆိုပြီး Rycroft က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်္ဂလီမွတ်ဆလင်လူနည်းစုဘက်က အကြမ်းဖက်သမားတွေက ရဲကင်း၊ရဲစခန်းတွေကို တစ်ပြိုက်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှု များပြားခဲ့ရတာဖြစ်ပါတယ်။

ယင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူ ၁၁ ဦးအပါအဝင် အနည်းဆုံး သေဆုံးသူ ၁၁၀ ထိ ရှိခဲ့သလို ထောင်ပေါင်းများစွာသော ဘင်္ဂလီမွတ်ဆလင်တွေဟာလည်း နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ၎င်းထွက်ပြေးလာသူတွေကိုတော့ ဒါကာ အာဏာပိုင်တွေဘက်က လက်မခံဘဲ တားဆီးခဲ့ကြပါတယ်။

ယခုလို မြန်မာအရေးနဲ့ပတ်သက်လို့ ကုလအစည်းအဝေးခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ရခိုင်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ ကုလလုံခြုံရေးကောင်စီရဲ့ တစ်တက်တစ်အား၊ အားကောင်းကောင်းနဲ့ ပါဝင်ပတ်သက်မှုမျိုး မလုပ်ဖို့ တရုတ်က ခုခံတားဆီးခဲ့တယ် ဆိုပြီးတော့လည်း သံတမန်တွေက ပြောပါတယ်။

ကောင်စီဘက်က နောက်ထပ် ဘယ်လို တုန့်ပြန်လုပ်ဆောင်မှုတွေ လုပ်ဖို့ စီစဉ်ထားတယ်ဆိုတာတော့ ခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် စက်တင်ဘာလမှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးတွေ့ဆုံမယ့် ကုလအထွေထွေညီလာခံမှာတော့ ယင်းကိစ္စကို ဆွေးနွေးလာဦးမယ်လို့ မျှော်လင့်ရပါတယ်။

လုံခြုံရေးကောင်စီဘက်ကတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဆက်လက်ထောက်ခံထားဆဲဖြစ်ကြောင်း Rycroft က ပြောပါတယ်။

" ကျွန်တော်တို့အားလုံးက သူမနောက်ကနေ အားပေးထောက်ခံနေပါတယ် ၊ သူမဟာဆိုရင်လည်း အုပ်ချုပ်မှုပိုင်းမှာ ကောင်းကောင်းကြီး တိုးတက်မှုတွေ လုပ်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

" မြန်မာပြည်တွင်းက ပြည်သူအားလုံးရဲ့ ကောင်းကျိုးရဖို့ ဒီ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် သူမအနေနဲ့လည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ညှိနှိုင်းဆောင်ရွက်မှုနည်းလမ်းတွေနဲ့အတူ အခြေအနေကို ထိန်းသိမ်းလျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly