NCA လက်မှတ်မထိုးမီ ကချင်လူထုဆွေးနွေးပွဲ ကျင်းပပေးရန်နှင့် KIO က အစိုးရနှင့် သီးသန့် မတွေ့ရန် KNO ထုတ်ပြန်

NCA လက်မှတ်မထိုးမီ ကချင်လူထုဆွေးနွေးပွဲ ကျင်းပပေးရန်နှင့် KIO က အစိုးရနှင့် သီးသန့် မတွေ့ရန် KNO ထုတ်ပြန်

ချင်းမိုင် ၊ သြဂုတ် ၁၁ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးမှု မဆုံးဖြတ်မီ ကချင်လူမျိုးစုများအားလုံး ပါဝင်သည့် လူထု ဆွေးနွေးပွဲ တစ်ရပ်ကျင်းပပေးရန်နှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် အစိုးရနှင့် သီးသန့် တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ရန် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) က ထုတ်ပြန်လိုက်သည်။

KNO ၏ ပုံမှန်စည်းဝေးတစ်ရပ်ကို ထိုင်းနိုင်ငံနယ်စပ်တစ်နေရာတွင် ကျင်းပနေပြီး ထိုအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အခြေအနေများကို သုံးသပ်၍ KNO အနေဖြင့် ကချင်လူထုနှင့် KIO အား အသိပေးစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု KNO မှ ထိုင်းနိုင်ငံဆိုင်ရာ ဥက္ကဌ ဦးကရင်ခေါင်ဟောင်း (U Kareng Hkawng Hawng)က ပြောသည်။

၎င်းက “အစိုးရက စစ်မှန်သော ဖက်ဒရယ်အပေါ်မှာ ဆုံးဖြတ်ချက် မပေးနိုင်ဘူးဆိုတဲ့အချက်တချက်။ နှစ်အချက်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွင်းကို စွဲထည့်တယ်။ တိုင်းရင်းသားအားလုံးရဲ့ ကံကြမ္မာဆုံးဖြတ်မဲ့ အခြေအနေရောက်လာသလို၊ လူမျိုးစုတွေရဲ့ ကံကြမ္မာကို ဘယ်လို ဆုံးဖြတ် မလဲဆိုတာ အစည်းအဝေးလုပ်ရမယ်။

အဲဒီနောက်ပိုင်းမှ ဆုံးဖြတ်ပိုင်ခွင့် လုပ်ဖို့ ဆိုတဲ့ အချက် သုံးချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ကေအန်အိုရဲ့ သုံးသပ်ချက်ကို ပြည်သူလူထုကို အသိပေးတဲ့ ကြေငြာချက်ဘဲ”ဟု မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်ရေးကို အစိုးရက လက်မခံခြင်း၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဆုံးဖြတ် ချက် မပေးခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် စွဲထည့်နေသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးရန် KNO အနေဖြင့် လက်မခံကြောင်း KNO ၏ အသိပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC)တွင် ခေါင်းဆောင်အဖြစ် တာဝန်ယူနေသော KIO အနေဖြင့် မြန်မာအစိုးရနှင့် သီးသန့် တွေ့ဆုံဆွေးနွေးပါက တခြားအဖွဲ့ဝင်များ အမြင်လွဲသွားနိုင်သဖြင့် သီးသန့် တွေ့ဆုံရန် မသင့်လျော်ကြောင်းလည်း အသိပေးထားသည်။

KIO အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နီးစပ်ရာနီးစပ်ကြောင်း ပြည်သူ လူထုအား ရှင်းလင်းပြောဆိုမှုများ ရှိနေပြီး ထိုရှင်းလင်းမှုတွင် လူထု၏ စိုးရိမ်မှုများ ရှိနေသဖြင့် KIOအား ကြိုတင် အသိပေးခြင်း ဖြစ်သည်ဟုလည်း ဦးကရင်ခေါင်ဟောင်းက ပြောသည်။

၎င်းက “ကေအိုင်အိုက နိုင်ငံရေးနဲ့ပတ်သက်လို့ တခုခု ဆုံးဖြတ်မယ်ဆိုလို့ရှိရင် ကချင်လူထုအားလုံးကို အများအသိပေးပြီးမှ အများရဲ့သဘောကို ကောက်ယူပြီးတော့ ဆက်လုပ်သွားဖို့ ဆိုတဲ့ဟာဖြစ်ပါမယ်” ဟုပြောသည်။

ကချင်လူထု၏ နိုင်ငံရေးနှင့် ရှေ့ရေးအား ဆွေးနွေးရန်အတွက် ကချင်လူမျိုးစုမှ နိုင်ငံရေး၊ ဘာသာရေး၊ လူငယ်၊ ကျောင်းသား၊ အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် လူထုအစည်းအဝေး တစ်ရပ်ကျင်းပရန် KNO က တိုက်တွန်းလိုက်သည်။  

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် KNO အနေဖြင့် ပညာပေးခြင်းဖြစ်ပြီး ကောင်းသည့် ပညာပေးခြင်း ဖြစ်ကြောင်း KIO ၏ ဗဟိုကော်မတီဝင် အရပ်ဘက် အရာရှိ ဦးဒွဲပီဆာက မဇ္ဈိမကိုပြော သည်။

၎င်းက “အားလုံး စိုးရိမ်လို့ ပညာပေး အကြံပေးတာဖြစ်တယ်။ အရေးကြီးတဲ့ အချိန်ရောက်ရင်တော့ လူထု ကိုယ်စားလှယ်တွေ ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ ဆွေးနွေး ရမယ်ဆိုတာ ကကေအိုင်အို ရဲ့ပေါ်လစီရှိတယ်”ဟု  ပြောသည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေးနိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် KNO နှင့် KIO တို့အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာရာမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်ဖွဲ့ သဘောထားများ ပြန်လည် ညှိနှိုင်းခဲ့သည်။  

၂၀၁၂ ဇွန်လ ၂၈ ရက်က KNO ၏ United Kachinland Army-UKA တပ်ဖွဲ့ကို ရုပ်သိမ်းလိုက်ပြီး KIO နှင့်အတူ ပူးပေါင်းခဲ့သည်။ KNO ကို ကချင်အမျိုးသား ကျောက်လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ရာမှ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နှင့် တရုတ် စသည့် နိုင်ငံများတွင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required