အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ကျောက်မျက်ဥပဒေကို ဒေသခံများကန့်ကွက်

အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ကျောက်မျက်ဥပဒေကို ဒေသခံများကန့်ကွက်

သြဂုတ်၃၀ မန္တလေး ။            ။ သြဂုတ်လ ၃ ရက်က အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ကျောက်မျက်ဥပဒေပါအချက်အချို့သည် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ဦးစားမပေးခြင်းကြောင့် ၎င်းဥပဒေကို မိုးကုတ်မြို့ဒေသခံများက ကန့်ကွက်လျှက်ရှိကြောင်းသိရသည်။

ထိုသို့ကန့်ကွက်ခံနေရခြင်းသည် ၎င်းဥပဒေကြမ်းရေးဆွဲခဲ့စဉ်က ဒေသခံများဖြင့် ခြေခြေမြစ်မြစ် တွေ့ဆုံခဲ့ခြင်းမရှိသောကြောင့် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကပြောသည်။

"ဒီဥပဒေသည် မိုးကုတ်နဲ့လုံးဝသက်ဆိုင်တယ်။ ဒီကဥပဒေကြမ်းရေးတဲ့သူတွေက မိုးကုတ်ကဒေသခံနဲ့ ဘယ်နှစ်ယောက်များဆွေးနွေးခဲ့လဲပြန်ကြည့်ပါ။ ဥပဒေရဲ့ ရည်ရွယ်ချက်ကိုက ဒေသခံတွေ စားသောက်လုပ်ကိုင်ခွင့်ဆိုတာ အခွင့်အလန်းဆိုတာ ဘာမှမပါဘူး"ဟု ဝန်ကြီးဦးမျိုးသစ်ကပြောသည်။

ဆက်လက်၍ ဦးမျိုးသစ်က "ဒေသခံတွေမကြိုက်တဲ့ဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တယ်။သူတို့မကြိုက်ဘူး။ဒေသခံဆိုတာ အဲဒီထဲမယ် အခန်း (၅)၊ပုဒ်မ ၁၀ထဲမှာ ဒေသခံက တတိယဆိုတော့ဒါလေးတွေက အများကြီးစဉ်းစားသင့်တာပေါ့။ဥပဒေက ပြဋ္ဌာန်းပြီးရင် ခဏခဏပြင်လို့မကောင်းဘူးဗျ။

ဥပဒေလုပ်မယ်ဆိုလို့ရှိရင် အခြေအမြစ်ကျကျလေ့လာဖို့လိုပါတယ်" ဟုပြောသည်။

အဆိုပါအတည်ပြုလိုက်သည့် ကျောက်မျက်ဥပဒေထဲမှ အခန်း(၅)၊ပုဒ်မ ၁၀ (က)တွင် အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာလုပ်ကွက် တစ်ခုခြင်းအတွက်   နေရာပေါ်မူတည်၍ သင့်လျော်သော အတည်ပြုဈေးနှုန်းကို သတ်မှတ်ပေးရမည်။အကယ်၍လုပ်ကွက်တစ်ခုအတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းများပေါ်ပေါက်လာပါက လိုအပ်သောရွေးချယ်မှု စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။ရွေးချယ်မှုစည်းကမ်းများနှင့်ညီညွှတ်သူ နှစ်ဦးအထက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းလာသည့်အခါ လွန်ခဲ့သော တူးဖော်ထုတ်လုပ်သည့်ကာလက   ဆောင်ရွက်မှုသာလွန်သော  ခွင့်ပြုမိန့်ရရှိသူကို ပထမဦးစားပေးအဖြစ်လည်ကောင်း၊အထက်ဖော်ပြပါ ပထမဦးစားပေးအချင်းချင်း တူညီနေပါက လက်ရှိ၊လက်ငုတ် တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူတွေကို ဒုတိယ ဦးစားပေးအဖြစ်လည်းကောင်း၊ဒေသခံကို တတိယဦးစားပေးအဖြစ် လည်းကောင်း အကယ်၍ အထက်ဖော်ပြပါ ဦးစားပေးအချက်များ တူညီနေပါက ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာရွေးချယ်ရမည် စသည်ဖြင့်ပါရှိသည်။

ထိုအထဲမှ ဒေသခံများကို တတိယဦးစားပေးအဖြစ်ထည့်သွင်းထားခြင်းကြောင့် ကျောက်မျက်ဥပဒေကို မိုးကုတ်ဒေသခံများက သြဂုတ်လ ၁၅ ရက်မှစတင်၍ လက်မှတ်များကောက်ခံပြီး ကန့်ကွက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဥပဒေကြမ်းထွက်လာခဲ့စဉ်ကပင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးမျိုးသစ်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလန်းများထည့်သွင်းပေးရန် စာပို့တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required