နေရပ်စွန့်ခွာ ရခိုင်တိုင်းရင်းသားများ ဆက်လက်ရပ်တည်နိုင်ရေး အဆို အမျိုးသားလွှတ်တော်တွင် အတည်ပြု

နေရပ်စွန့်ခွာ ရခိုင်တိုင်းရင်းသားများ ဆက်လက်ရပ်တည်နိုင်ရေး အဆို အမျိုးသားလွှတ်တော်တွင် အတည်ပြု

နေပြည်တော်၊ သြဂုတ် ၃၀ ။          ။ မောင်တော၊ ဘူးသီးတောင်နင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေး အတွက် အရေးတယူ ဆောင်ရွက်ပေးရန်   ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ သြဂုတ်လ ၃၀ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အထက်ပါ အဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က သြဂုတ်လ ၉ ရက်နေ့ တင်သွင်းခဲ့ခြင်းပြီး ယနေ့အပြီးသတ် အထိ ကိုယ်စားလှယ် ၂၃ ဦးက ဝင်ရောက်ဆွေးနွေးခဲ့သည်။

ယနေ့ ကိုယ်စားလှယ်များ ဆွေးနွေးမှု အပြီးသတ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက " ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဘူးသီးတောင်မြိုနယ် ရသေ့တောင်မြို့နယ်များတွင် ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က လုံခြုံရေးအင်အား တိုးမြှင့်ထားပြီး၊ ဒေသခံ တိုင်းရင်းသားများ ကျေးရွာများ  ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်လက်ရပ်တည်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ဆောင်ရွက်နေသည် '' ဟု ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ရေရှည်အစီမံများဖြင့် ဆောင်ရွက်နေပြီး၊ ဒေသတွင်း လက်ရှိ အခြေအနေများအရ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်းရှိ  ဆက်စပ်လမ်းတံတားများ၊ မေယုတောင်ကြောကို အရှေ့အနောက်ဆက်သွယ်ထားသည့် တောင်ကြောလမ်းပိုင်းများ ကို ဦးစားပေးလုပ်ဆောင်နေပြီး ၊ မီးမရရှိသေးသည့် မြို့ရွာများကို နိုင်ငံတော် လျှပ်စစ် ဓာတ်အားပေးစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း ပြောသည်။

ထို့နောက် ၎င်းအဆိုကို လွှတ်တော်ကသဘောတူ၊ မတူ အဆုံးအဖြတ်ရယူနိုင်ရန် စက်ခလုတ်အသုံးပြု၍ လျှို့ဝှက် ဆန္ဒပြု သည့် နည်းလမ်းဖြင့် မဲခွဲခဲ့ရာ ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၉၇ ဦး အနက် ထောက်ခံမဲ ၁၈၇မဲ၊ ကန့်ကွက်မဲ ၁မဲ၊ ကြားနေမဲ ၃မဲ ဖြင့် ဦးခင်မောင်လတ် ၏ အဆိုကို အတည်ပြုခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly