ဟာဗေးမုန်တိုင်းသင့်ပြည်သူများအတွက် ဆန်ဒရာဘူးလော့ခ်က ဒေါ်လာတစ်သန်းလှူဒါန်း

ဟာဗေးမုန်တိုင်းသင့်ပြည်သူများအတွက် ဆန်ဒရာဘူးလော့ခ်က ဒေါ်လာတစ်သန်းလှူဒါန်း

 

ဟောလိဝုဒ်နာမည်ကျော်မင်းသမီး ဆန်ဒရာဘူးလော့ခ်သည် တက္ကဆက်ပြည်နယ်မှ ဟာရီကိန်းမုန်တိုင်းဟာဗေး ဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ငွေကြေးလှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့သည်။

သူမသည် မုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးရန်အတွက် အမေရိကန်ကြက်ခြေနီအဖွဲ့ထံသို့ ဒေါ်လာ တစ်သန်းခန့်လှူဒါန်းခဲ့ကြောင်း People မဂ္ဂဇင်းက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။ ဘူးလော့ခ်သည် အမေရိကန် ကြက်ခြေနီအဖွဲ့ကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေသူဖြစ်ပြီး သူမကိုယ်တိုင်လည်း တက္ကဆက်ပြည်နယ်ရှိ အော်စတင်မြို့တွင် နေအိမ်တစ်လုံးပိုင်ဆိုင်ထားသည်။

ဘူးလော့ခ်က လက်ရှိအချိန်တွင် နိုင်ငံအတွင်း၌ နိုင်ငံရေးမတည်ငြိမ်မှုများ ရှိနေသော်လည်း မုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့်   ပြန်လည်စည်းလုံးညီညွတ်လာဖို့   မျှော်လင့်ကြောင်း   ပြောခဲ့သည်။

“ ၈ ပေလောက် ရေတက်လာတဲ့အချိန်မှာ နိုင်ငံရေးကိစ္စကို ထည့်စဉ်းစားစရာမလိုပါဘူး။ သဘာဝဘေး အန္တရာယ်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ လူသားအားလုံးအကုန်အတူတူပါပဲ” ဟု ဆန်ဒရာဘူးလော့ခ်က People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

ဆန်ဒရာဘူးလော့ခ်အပြင် ဟာဗေးမုန်တိုင်းသင့်ပြည်သူများကို ကူညီခဲ့သော နာမည်ကျော်အနုပညာရှင်များမှာ ဒွိုင်းဂျွန်ဆင်၊ ကီဗင်ဟာ့တ်၊ ကမ်ကာဒါရှန်း၊ လင်မန်နျူရယ်မီရန်ဒါ၊ ဒီဂျေခါလက်၊ နီကီမီနာ့ချ်နှင့် ဘီယွန်းစေးတို့ ဖြစ်ကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required